DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့် ပုလဲမြို့တွင်းက ပြည်သူ ၂၀၀ ကျော်ကို PDF ကယ်ထုတ်
DVB
·
November 14, 2024
တိုက်ပွဲပြင်းထန်နေသည့် ပုလဲမြို့တွင်းက ပြည်သူ ၂၀၀ ကျော်ကို PDF ကယ်ထုတ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး နိုဝင်ဘာ ၁၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ၃ ရက်ကြာ တိုက်ပွဲပြင်းထန်နေပါတယ်။

အဆိုပါ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားနေတဲ့ ပုလဲမြို့အတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို  နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီကျော်က ထပ်မံကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုကျော်စိုးဝင်းက ပြောပါတယ်။

“ဒီနေ့ စစ်တပ်က လေယာဉ်နဲ့ သဲသဲမဲမဲ ပစ်ခတ်နေတဲ့အချိန်ကို ကျားသစ်နက်တပ်ဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းပြီး နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ်လာခဲ့ပြီဗျ။ တိုက်ပွဲဖြစ်ပွားတဲ့ ၃ ရက်တာအတွင်း ကျနော်တို့ အတိအကျ သိရသလောက်ကတော့  စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦး သေဆုံးတယ်ဆိုတာ အတိအကျ သိထားရတယ်။ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုလည်း နောက်ထပ်ရှိနေနိုင်သးတယ်။”

ပုလဲမြို့ဟာ မုံရွာ-ပုလဲ-ကလေးလမ်းနဲ့ ပခုက္ကူ-ပုလဲ-ကလေး လမ်းဆုံပေါ်မှာ တည်ရှိတဲ့ မြို့တမြို့ ဖြစ်သလို မြို့အတွင်း ရွှေဥဒေါင်း၊ ရတနာအောင်မြေ၊ ရွှေညို၊ မြို့လယ်၊ ထန်းတပင်၊ ဒေါင့်ကြီး၊ ပါရမီ၊ မြို့ဦး၊ မြိုင်စည်၊ နတ်ကြီး စတဲ့ရပ်ကွက်တွေနဲ့ စုစည်းထားတဲ့ မြို့တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဥက္ကာက “စစ်တပ်က ဒီနေ့မှာ လေယာဉ်အမျိုးစုံ ၁၅ စီးကျော်နဲ့ လေယာဉ်ပေါ်ကနေ လက်နက်ငယ်၊ လက်နက်ကြီး၊ ဗုံးသီးတွေနဲ့ ပစ်တယ်ဗျ။ ပစ်တဲ့အကြိမ်အရေအတွက်ကတော့ အများကြီးဗျ။ တကြိမ်လာပစ်တိုင်း မြို့ပေါ်ကနေ ပတ်ဝဲပြီး ၃ ကြိမ်ထက်မနည်း မြို့ကိုပတ်ပတ်ပြီး ပစ်တယ်။ အဲလိုပတ်ပစ်တဲ့ကြားကနေ ဒီနေ့ ၁၃ ရက်နေ့ တရက်တည်းမှာကို ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ်လာနိုင်ခဲ့တယ်ဗျ။ နိုဝင်ဘာ ၁၂ ရက်နေ့ ကယ်ထုတ်တာရောဆိုရင် ပြည်သူ ၃၀၀ ကျော် ကယ်ထုတ်လာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ကတော့ ပုလဲမြို့ လက်မလွှတ်ရရေးအတွက် ပုလဲမြို့၊ မြို့ဦးရပ်ကွက်အတွင်း အပါအဝင် ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီး ရပ်ကွက်တွေကို လေယာဉ်ပေါ်ကနေ မီလောင်ဗုံးတွေပါ ကြဲချခဲ့တာကြောင့် ပြည်သူနေအိမ်တချို့ မီးလောင်နေဆဲဖြစ်လို့လည်း ပုလဲမြို့ခံတွေက DVB ကို ပြောပါတယ်။

ပုလဲမြို့ကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် BNRA အဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တိုက်ပွဲသတင်း အသေးစိတ်ကို BNRA အဖွဲ့က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပုလဲမြို့တခုလုံးကို BNRA က သိမ်းပိုက်သွားပြီလို့ ရေးသားနေကြပြီး စစ်တပ်ဘက်က လေယာဉ်အသုံးပြုကာ မြို့ပျောက်ပျက်သွားတဲ့အထိ လေယာဉ်‌‌နဲ့ ဗုံးကြဲချဖို့  သွေးထိုး ရေးသားနေကြတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013