DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်တပ်က  မြန်မာအမျိုးသား ၁ ဦးအား သတ်ဖြတ်မှုအပေါ် တာဝန်ခံမှုရှိစေရေး တောင်းဆို
DVB
·
November 14, 2024
ထိုင်းစစ်တပ်က  မြန်မာအမျိုးသား ၁ ဦးအား သတ်ဖြတ်မှုအပေါ် တာဝန်ခံမှုရှိစေရေး တောင်းဆို
Donate to DVB

ထိုင်းစစ်သားတွေက မြန်မာနိုင်ငံသားတယောက်ကို  ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှုအပေါ် ထိုင်းနိုင်ငံအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က နိုဝင်ဘာ ၁၄ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အထောက်အထားတွေအရ ထိုင်းစစ်တပ်က စစ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးမှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို ကို ဖမ်းဆီးပြီးတော့ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့ကာ ဒီအမှုအပေါ် အာဏာပိုင်တွေက တခြားမြန်မာလူမျိုးတယောက်ကို လူသေစေမှုနဲ့ အရေးယူကာ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့်မို့ ထိုင်းအစိုးရအနေနဲ့ ကိုအောင်ကိုကိုကို သတ်ဖြတ်မှုမှာ ထိုင်းစစ်သားတွေ ပါဝင်ပတ်သက်နေမှုနဲ့ စပ်လျဉ်းပြီးတော့ စေ့စပ်မြန်ဆန်ကာ သမာသမတ်ကျတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သင့်ပြီး ကျူးလွန်သူတွေ အားလုံးအပေါ် တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့်တယ်လို့ ပြောလိုက်တာပါ။

Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူး စမစ်သ်က “အောင်ကိုကိုရဲ့ ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှုဟာ မဖြေရှင်းဘဲ ထားလို့မရပါဘူး။ တိုက်ရိုက်တာဝန်ရှိတဲ့ တရားခံစစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သင့်ပါတယ်။ အောင်ကိုကို သတ်ဖြတ်ခံရမှုမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုက လက်ရှိမှာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေပေမဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ပြီး (ပြစ်မှုကျူးလွန်သူတွေ) ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်ခွင့်မရှိအောင် တားဆီးနိုင်ပါတယ်။ ကျနော်တို့ရဲ့ အစီရင်ခံစာဟာ ဒီကိစ္စရပ်မှာ အာဏာပိုင်တွေဘက်က  တရားမျှတမှု ရှိစေဖို့ ဆောင်ရွက်ရာမှာ ကူညီပေးနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။

စာမျက်နှာ ၄၄ မျက်နှာပါ အစီရင်ခံစာထဲမှာတော့ ထိုင်းစစ်တပ်က စစ်သား ၄ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ကိုအောင်ကိုကိုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပုံ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်အတွင်းက ထိုင်း-မြန်မာနယ်စပ်အနီးမှာ အဆိုပါ စစ်သား ၄ ဦးထဲက ၃ ဦးက သေဆုံးတဲ့အထိ နှိပ်စက်ခဲ့ပုံတို့ကို အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၂ ရက်မနက် ၁၁ နာရီလောက်က မဲဆောက်မြို့နယ် ရိုင် ၇၀ ဝန်းကျင် သစ်သားတံတားငယ်တခုအနီးမှာ ထိုင်းစစ်သား ၄ ယောက်က အောင်ကိုကိုကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ ယောက်က သူ့ကို သစ်သားတုတ်ရှည်နဲ့ ပြင်းထန်စွာ ရိုက်နှက်ခဲ့တာကို မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ထွက်ဆိုချက်နဲ့ Fortify Rights က စိစစ်သုံးသပ်ခဲ့တဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ် ဓာတ်ပုံတွေအရ ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာတွေ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတဝိုက်နဲ့ နှာခေါင်းတို့မှာ ညိုမည်းဒဏ်ရာတွေနဲ့အတူ နောက်ကျောတခုလုံးးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသလို ညာဘက် တံတောင်ဆစ်မှာလည်း ၁ လက်မလောက် နက်တဲ့ ပြတ်ရှဒဏ်ရာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုအောင်ကိုကိုဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်တွေ စီစဉ်လေ့ကျင့် သင်ကြားပေးထားတဲ့ ရပ်ရွာလူထုအခြေပြုလုံခြုံရေးတပ်ဖွဲ့ (Chor Ror Bor) ရဲ့ စေတနာ လုပ်သားဟောင်းတယောက် ဖြစ်ကာ ထိုင်းစစ်သားတွေကသူ့ကို  မြန်မာနိုင်ငံသားဖြစ်ပြီး  Chor Ror Bor အပေါ်ထပ်အင်္ကျီဝတ်ထားတာကြောင့် အစပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကိုအောင်ကိုကို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ Fortify Rights က ဇန်နဝါရီလကနေ စက်တင်ဘာလအထိတိုင် မျက်မြင်သက်သေတွေ၊ ကျေးရွာလုံခြုံရေး စေတနာလုပ်သားတွေ၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး၊ အောင်ကိုကိုရဲ့ မိသားစုဝင်တွေ၊ မဲဆောက်ခရိုင်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီပေးနေတဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေ ပါဝင်တဲ့ အထောက်အထားတွေနဲ့ တွေ့ဆုံမေးမြန်းမှု ၂၃ ခုကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုအောင်ကိုကို အသတ်ခံရမှုမှာ ကြံရာပါအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စီရာချက်နဲ့ သူ့ရဲ့ ရှေ့နေတို့ကို တွေ့ဆုံမေးမြန်းခဲ့သလို သူ့ရဲ့ ရုံးချိန်းကို မဲဆောက်ခရိုင်တရားရုံးမှာ စောင့်ကြည့်လေ့လာခဲ့ပြီး သေဆုံးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ထင်ရှားစေမယ့် အထောက်အထားတွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အောင်ကိုကိုလိုပဲ ဒေသခံ Chor Ror Bor အဖွဲ့ဝင်တဦးဖြစ်တဲ့ စီရင်ချက်ကို ထိုင်းတရားရုံးက စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ချမှတ်ခဲ့သလို ဘယ်ထိုင်းစစ်တပ်အဖွဲ့ဝင်ကိုမှ ဖမ်းဆီးတာ၊ ဒါမှမဟုတ် ရုံးတင်စစ်ဆေးခြင်းမျိုး မရှိသေးဘူးလို့လည်း Fortify Rights က ပြောပါတယ်။

“စီရင်ချက်ရဲ့ ပြစ်ဒဏ်ချမှုက လွဲမှားနေတဲ့ တရားစီရင်မှုတခုပါ။ လက်ရှိမှာ ရထားတဲ့ အထောက်အထားတွေအရ အနည်းဆုံး စစ်သား ၃ ယောက်က အကြမ်းဖက်နှိပ်စက်ရာမှာ ပါဝင်နေခဲ့တာကြောင့် အောင်ကိုကို သေဆုံးခဲ့ရပေမဲ့ စီရင်ချက်မှာ အသုံးချခံရပြီး သူတို့လုပ်ရပ်အတွက် ထောင်ထဲမှာ ပြစ်ဒဏ် ခံစားနေရတယ်။”

စက်တင်ဘာ ၁၈ ရက်မှာတော့ Fortify Rights က တရားရေးဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ဆီ အစီရင်ခံစာနဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အချက်အလက်တွေ မျှဝေခဲ့ပြီး အောင်ကိုကို အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာတော့ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုကို အခြေခံပြီးတော့ သက်သေခံချက်ပေးဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရဲ့ ဖိတ်ကြားချက် ကို လက်ခံရရှိခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှာတော့ ဘန်ကောက်မြို့က DSI မှာ လူကိုယ်တိုင် သက်သေခံအဖြစ် တက်ရောက်ပြီးတော့ အောင်ကိုကို အသတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာတော့ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကော်မတီက ထိုင်းနိုင်ငံအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကွန်ဗင်းရှင်းကို လိုက်နာမှုရှိ၊ မရှိ ပြန်လည် သုံးသပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သုံးသပ်မှုအတွင်း ထိုင်းတရားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အိုင်မွန် ဆီယန်ရိုင်က “ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်တဲ့ မည်သူမဆို ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးမည် မဟုတ်” လို့ ပြောကြားခဲ့တဲ့အပြင် “ပြစ်မှုကျူးလွန်ရာတွင် လူ့အသက်သေစေနိုင်တဲ့အထိ ရက်စက်ကြမ်းကြုတ်မှုတွေကို ထိခိုက်ခံစားရသူတွေဟာ ထိခိုက်လွယ်တဲ့ လူတစု ဖြစ်နေခဲ့မယ် ဆိုရင် ပိုပြီးဆိုးဝါးပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမယ့် ပုဒ်မများက ထိုင်းနိုင်ငံဥပဒေမှာ ပါရှိပါတယ်” လို့လည်း ပြောထားပါတယ်။

ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး အက်ဥပဒေအရ အစိုးရဝန်ထမ်းတွေအနေနဲ့ ညှဉ်းပန်း နှိပ်စက်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်အထိနဲ့ ဒဏ်ငွေ ထိုင်းဘတ်ငွေ ၂ သိန်းကနေ ၅ သိန်းကြား (အမေရိကန်ဒေါ်လာ ၆,၀၀၀ ကနေ ၁၅,၀၀၀ ခန့်) အထိ ပြစ်ဒဏ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

Fortify Rights ကတော့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိနေတဲ့ ထိုင်းစစ်သားတွေဟာ ဥပဒေနဲ့ မလွတ်ကင်းကြောင်းနဲ့ သူတို့ရဲ့ ရာထူး၊ ဒါမှမဟုတ် တခြားဘယ်လို ပတ်သက်ဆက်နွှယ်မှုတွေ ရှိတယ်ဆိုစေကာမူ တရားမျှတပြီး ဘက်မလိုက်တဲ့ စစ်ဆေးမှုတွေကတဆင့် တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှု ရှိသင့်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013