
ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချိန်းဆောင်းခရိုင် ဘန့်ဖိုးထိမြို့ထဲမှာ သတ်ဖြတ်ပြီး မြက်တောထဲ စွန့်ပစ် ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်ရဲ့အလောင်းကို တွေ့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ညနေက ဘန့်ဖိုးထိမြို့၊ ထာ့ဖရရပ်ကွက်ထဲမှာ သေဆုံးနေတဲ့ အမျိုးသမီး အလောင်းတွေ့ရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် မှုခင်းဆရာဝန်နဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဘန့်ဖိုးထိမြို့နယ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ခေါက်ဖုန်ဖမ်း ငါးလုပ်ငန်းစက်ရုံအနီး မြက်တောထဲမှာ ပက်လက် အနေအထားနဲ့ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတွေ့တယ်၊ အနက်ရောင်တီရှပ် ဘောင်းဘီတို ဝတ်ဆင်ပြီး ဘောင်းဘီခွမှာ ဆုတ်ဖြဲခံထားရတဲ့ပုံစံရှိတယ်၊ ပါးစပ်နဲ့ လည်ပင်းမှာ ဒဏ်ရာတွေ ရှိပြီး သူမရဲ့ ဘယ်ဘက်လက်မှာ ဆံပင်တွေ ဆုပ်ကိုင်ထားတယ်၊ အလောင်းမှာ အပုပ်နံ့တွေ ထွက် နေပြီလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ မောင်လေးဖြစ်သူ ပြောပြချက်အရ အစ်မအမည်မှာ တင်စန္ဒာလင်း (၂၆ နှစ်) ဖြစ်ပြီး ငါးစက်ရုံမှာ အလုပ်လုပ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် ည ၉ နာရီကျော်လောက်က အစ်မဖြစ်သူနဲ့ နောက်ဆုံးအကြိမ်စကားပြောခဲ့ရပြီး အဲဒီနောက်ပိုင်း ဆက်သွယ်လို့ မရတော့ဘူး၊ အလုပ်သမား တန်းလျားဆောင်မှာလည်း မရှိဘူး၊ ပျောက်ဆုံးနေတဲ့ အစ်မကို လိုက်ရှာစဉ် ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ စက်ရုံနဲ့ မီတာ ၅၀ လောက်ပဲ ဝေးတဲ့ မြက်တောထဲမှာ အလောင်းအနေနဲ့ ပြန်တွေ့တာ၊ အဲဒီနောက် တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သေဆုံးသူလက်ထဲက ဆံပင်တွေကို ဒီအန်အေစစ်ဆေးဖို့ သိမ်းဆည်းထားပြီး အလောင်းကို ဆေးရုံရင်ခွဲရုံကိ ပို့ဆောင်ထားတယ်။ စီစီကင်မရာထဲစစ်ဆေးချက်အရ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီ ၂၈ မိနစ်က အလုပ်ဆင်းပြီး ဆိုင်ကယ်စီးပြန်လာတာကို နောက်ဆုံးအကြိမ် တွေ့ရပါတယ်။ တာဝန်ရှိသူတွေဟာ ဇူလိုင် ၂၈ ရက်မှာ အလုပ်သမားတန်းလျားရှိ သူ့အခန်းကို သွားစစ်တယ်၊ မသင်္ကာဘွယ်ရာဘာမှမရှိဘူး။ အဲဒီမှာ အခန်းပေါင်း ၁၅ ခန်းရှိပြီး အမျိုးသား အားလုံးကို ခေါ်ယူစစ်ဆေးပါတယ်။ အလုပ်သမားလူရွယ်တယောက်ကတော့ လက်ချောင်းမှာ ဒဏ်ရာရ တာတွေ့တယ်၊ သူကတော့ ဓားရှမိတာလို့ ပြောပါတယ်။ အမှိုက်ပုံးထဲက မသင်္ကာဘွယ် စက်ရုံ တံဆိပ်ပါ အင်္ကျီတထည်နဲ့ ဖော့ပုံးထဲက ပိုင်ရှင်မဲ့ဖုန်းတလုံးကိုလည်း ရဲက သက်သေအဖြစ် သိမ်းထားပါတယ်။
ဒါ့အပြင် အလုပ်သမားတယောက် ပျောက်ဆုံးနေတယ်။ ဒီအမှုနဲ့ ဆက်စပ်ခြင်းရှိမရှိ ဆက်လက် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စက်ရုံလုပ်ဖော်ကိုင်ဘက်တယောက်က တင်စန္ဒာလင်းဟာ အနေအထိုင်အေးဆေးတယ်၊ ဘယ်သူနဲ့ မှလည်း ပြဿနာဖြစ်တာ မရှိဖူးဘူး၊ အရင်က အမျိုးသားတယောက်နဲ့ တွဲဖူးတယ်၊ ဒါပေမဲ့ သူတို့ ပြတ်သွားတာ ၁ နှစ်လောက်ရှိပြီလို့ သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ ဘယ်သူ့ကိုမှ တရားစွဲတာ မရှိသေးဘဲ ရသမျှ သက်သေအထောက်အထား တွေ အကုန်စုစည်းပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဘဲလို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
Source : Thairath / Amarin TV News










