
“ကျည်ဆန်များကြားက ၂၀၂၄ သန်းခေါင်စာရင်း - မွန်ပြည်မှ ပဲ့တင်သံ” ဆိုတဲ့ စစ်တမ်းရပ်ကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီစစ်တမ်းဟာ မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူတဲ့ ကာလအတွင်းမှာ စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခြားတွေ့ရှိချက်တွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့အတွက် ပြည်သူလူထုနေထိုင်ရာကို လုံခြုံရေးအကြောင်းပြပြီး လက်နက်ကိုင်အင်အားတွေနဲ့ လမ်းတွေမှာ ပိတ်ဆို့ပြီး ပြည်သူတွေ အကြောက်တရား ဖြစ်စေခြင်း၊ လူငယ်အချို့ကို မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းခြင်း၊ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို ကျွေးမွေးဧည့်ခံဖို့ဆိုပြီး မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့မှာ တအိမ်ကို ငွေကျပ် ငါးထောင်နဲ့ တသောင်းကြား ကောက်ယူခြင်း၊ သန်းခေါင်စာရင်းကောက်တဲ့ မိသားစုကို ဘာလူမျိုးလဲဆိုတာ မေးမြန်းရမယ့်အစား အိမ်တွင်းပြောဆိုတဲ့ ဘာသာစကားဆိုပြီး ထည့်သွင်း မေးမြန်းမှုကြောင့် တိုင်းရင်းသားလူမျိုးစုတွေကို ဗမာမှုပြုသည်ဟု ပြည်သူတွေက ဝေဖန်ကြတာတွေ တွေ့ရှိခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
NRFF ရဲ့ တာဝန်ခံ ကိုမင်းသံလွင်က “စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကတော့ အောင်မြင်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုထက် မြန်မြန်ပြီးအောင် လုပ်လိုက်တဲ့ သန်းခေါင်စာရင်းလို့ပဲ သုံးသပ်ချင်ပါတယ်။ ဘာလို့လဲဆိုရင် အရင်က သူတို့က အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိပဲ ကောက်ယူဖို့ သတ်မှတ်ခဲ့တာ၊ တကယ်တမ်းကျတော့ သူတို့မကောက်ယူနိုင်တဲ့ ဒေသတွေ အမျိုးကြီးကျန်နေသေးတယ်။ ဒါကြောင့် အောက်တိုဘာ ၁ လလုံးကို ကောက်ဖို့ ပြန်ပြောင်းလဲခဲ့ရတယ်။ စစ်ရေးမြင့်တက်နေတဲ့ ကာလမှာ မြေပြင်ကွင်းဆင်းကောက်ယူနေသူတွေက အကြောက်တရားနှင့် ဖိအားတွေကြားက ကောက်ခဲ့ရတဲ့ သန်းခေါင်စာရင်းက တိကျမှန်ကန်မှုမရှိသလို၊ နိုင်ငံတကာက ကူညီထောက်ပံ့တာမျိုးမရှိဘဲ ကောက်ရတဲ့ သန်းခေါင်စာရင်းဖြစ်တဲ့အတွက် တိကျမှန်ကန်ပြီးတော့ အောင်မြင်တဲ့ ကောက်ယူမှုလို့လည်း မဆိုနိုင်ပါဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၆၉ ရာခိုင်နှုန်းကို သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ခဲ့ပြီး ၁၅.၆ ရာခိုင်နှုန်း မြို့နယ်တွေကိုတော့ အချို့ကောက်ယူနိုင်ခဲ့သလို ၁၅.၄ ရာခိုင်နှုန်းကိုတော့ လုံးဝ ကောက်ယူနိုင်ခြင်း မရှိခဲ့ဘူးလို့ အဆိုပါ စစ်တမ်းအရ သိရပါတယ်။
အဆိုပါစစ်တမ်းမှာ ၂၀၂၅ ရွေးကောက်ပွဲအကြို သုံးသပ်ချက်လည်း ပါဝင်ပြီး မွန်ပြည်နယ် ၁၀ မြို့နယ်အနက် သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင် စတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ရာနှုန်းပြည့် ကျင်းပနိုင်မှာဖြစ်ပြီး ဘီးလင်း၊ သထုံ၊ မုဒုံ၊ သံဖြူဇရပ် မြို့နယ်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ အကူအညီနဲ့ ဖြစ်စေ၊ အီလက်ထရောနစ် မဲပေးစနစ်နဲ့ဖြစ်စေ အတိုင်းအတာတခုအထိ ကျင်းပနိုင်မှာ ဖြစ်သလို ကျိုက်ထို၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တွေမှာတော့ ကျင်းပနိုင်ခြေ နည်းပါးတယ်လို့ သုံးသပ်ထားပါတယ်။
မြတ်သဇင်










