
ရန်ကုန်က လူငယ် ၉၀ ရာခိုင်နှုန်းဟာ ညဘက်မှာ သွားလာဖို့ကို စိုးရိမ်နေကြပြီး အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရဖို့နဲ့ လုယက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ PACE-Myanmar အဖွဲ့ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။
သုတေသနအဖွဲ့တခုဖြစ်တဲ့ PACE-Myanmar က လူငယ်အယောက် ၂,၄၀၀ ကို လူတွေ့ မေးမြန်းထားတဲ့ စစ်တမ်းမှာ ဖြေဆိုထားကြတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း PACE-Myanmar အဖွဲ့ဟာ ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ် အယောက် ၂,၄၀၀ ကို မျက်နှာချင်းဆိုင်စစ်တမ်း ကောက်ယူ မေးမြန်းခဲ့ပြီး လူငယ်အများစုဟာ သူတို့ရဲ့ နေ့စဉ်ဘဝ လုံခြုံရေးကို အတော်စိုးရိမ်ကြပြီး တော်တော်များများကတော့ သူတို့ရဲ့ နေ့စဉ်ဘဝ သွားလာနေထိုင်ရာမှာ လုံခြုံမှုမရှိဘူးလို့ ခံစားနေကြရပါတယ်။
အထူးသဖြင့် ညပိုင်း သွားလာရတဲ့အခါ လုံခြုံရေးအတွက် စိုးရိမ်မှုက အမြင့်ဆုံးဖြစ်ပြီး အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမှုနဲ့ လုယက်ခံရနိုင်မှုကို စိုးရိမ်မှု ပိုများပါတယ်။
လူငယ် ၁၀ ယောက်မှာ ၈ ယောက်လောက်က အသက်အန္တရာယ်ထိခိုက်အောင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရနိုင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရနိုင်မှုတို့အတွက် စိုးရိမ်တယ်လို့ ဖြေဆိုထားကြပြီး ၁၈ ရာခိုင်နှုန်းကတော့ အိမ်မှာ နေထိုင်နေရင်းတောင် လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ဖြေဆိုထားပါတယ်။
ဖြေဆိုသူတွေရဲ့ ၄၅ ရာခိုင်နှုန်းက ညဘက် သွားလာဖို့ အလွန်အမင်းစိုးရိမ်ပြီး ၄၄ ရာခိုင်နှုန်းကတော့ အတိုင်းအတာတခုအထိ စိုးရိမ်တယ်လို့ စစ်တမ်းမှာ ဖြေဆိုပါတယ်။
လုံးဝ မစိုးရိမ်ဘူးလို့ ဖြေဆိုသူက ၁ ရာခိုင်နှုန်းပဲ ရှိတာကို တွေ့ရပြီး အိမ်မှာနေတဲ့အခါ လုံးဝ မစိုးရိမ်ဘူးလို့ ဖြေဆိုသူက ၄၅ ရာခိုင်နှုန်းရှိပါတယ်။
ဖြေဆိုသူ လူငယ်တွေရဲ့ ၆၅ ရာခိုင်နှုန်းက ခရီးဝေးသွားဖို့ စိုးရိမ်နေတာကိုလည်း တွေ့ရပါတယ်။
ဖြေဆိုသူအများစုဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း လူငယ်တွေဖြစ်ပြီး လာမဲ့နှစ်အတွင်း သူတို့ရဲ့အနေအထား တိုးတက်လာမယ်လို့ အများစုက ဖြေဆိုထားကြပေမဲ့ နိုင်ငံရဲ့အနေအထားကတော့ ပိုကောင်းလာဖို့မရှိဘူးလို့ အများစုက ဖြေထားပါတယ်။
နိုင်ငံရေးမတည်ငြိမ်တာက အနာဂတ်အတွက် အကြီးဆုံးအတားအဆီးအဖြစ် ဖြေဆိုထားတာကို တွေ့ရပြီး ငွေကြေးနဲ့ မိသားစုအခက်အခဲ၊ ပညာရေးနိမ့်ကျတာ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာနဲ့ စစ်မှုထမ်းဥပဒေတို့ကလည်း အနာဂတ်ရဲ့ အတားအဆီးအဖြစ် အများစု ဖြေဆိုထားပါတယ်။
ဖြေဆိုသူအများစုဟာ နိုင်ငံကို ချစ်တယ်လို့ဆိုပြီး ပြည်တွင်းမှာပဲ နေထိုင်လိုသူ များပေမဲ့ လူ့အဖွဲ့အစည်းအပေါ်မှာတော့ လူအများစုနဲ့ သတိထားဆက်ဆံရတယ်လို့ ဖြေဆိုထားပါတယ်။











