DVB Logo
Home
နိုင်ငံတကာ
ပွင့်လင်းမြင်သာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ဟေတီဝန်ကြီးချုပ်သစ် ကတိပြု
DVB
·
November 12, 2024
ပွင့်လင်းမြင်သာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ဟေတီဝန်ကြီးချုပ်သစ် ကတိပြု
Donate to DVB

ဟေတီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး သမ္မတကောင်စီဟာ စွန့်ဦးတီထွင်သူနဲ့ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းဟောင်း အယ်လစ်ဒီဒီယာဖှီးလ်စ်အဲမ်ကို ဟေတီနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် နိုဝင်ဘာ ၁၁ ရက်မှာ ခန့်အပ်လိုက်ပါတယ်။  

မြို့တော် ပို့ထ်အောပရင့်စ်မှာ ကျင်းပတဲ့ အခမ်းအနားအပြီးမှာ ဝန်ကြီးချုပ်သစ် ဒီဒီယာက သူ့အစိုးရအတွက် ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဟာ ဦးစားပေးဖြစ်ပြီး နိုင်ငံအတွင်း ‘အားလုံးပါဝင်နိုင်ပြီး၊ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို’ ကျင်းပမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

နိုင်ငံရဲ့အစိုးရက တာဝန်ဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းကို ပြည်တွင်း ပြည်ပရှိ ဟေတီနိုင်ငံသား၊ အမျိုးသား၊ အမျိုးသမီး အားလုံးကို အသိပေးပါကြောင်းနဲ့ အဲဒီအတွက် အားလုံးဝိုင်းပြီး ကူညီပေးရမယ်လို့လည်း ပြောပါတယ်။ 

ဝန်ကြီးချုပ်သစ်ဟာ နိုင်ငံရဲ့ အရေးပါတဲ့ အင်အားစုတွေကိုပါ ပေါင်းထည့်ပြီးတော့ ဟေတီနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အတူတကွ လုပ်ဆောင်ရမယ်လို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ 

လက်နက်ကိုင်ဂိုဏ်းတွေဟာ မြို့တော်တွင်းကို ဆင်းသက်ဖို့ ကြိုးပမ်းနေတဲ့ ခရီးသည်တင် လေယာဉ်တစင်းကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုလုပ်ပြီးတော့ သူတို့ရဲ့ ဩဇာပါဝါကို ထုတ်ပြလိုက်ချိန်မှာပဲ ဟေတီဝန်ကြီးချုပ် အသစ်စက်စက်ကလည်း နိုဝင်ဘာ ၁၁ ရက်မှာ ရာထူးတာဝန် စတင်ထမ်းဆောင်လိုက်ပြီး နိုင်ငံရဲ့ ယာယီခေါင်းဆောင်အသစ်အနေနဲ့ လုံခြုံရေးကို မြှင့်တင်သွားမယ်လို့ ကတိပြုလိုက်တာပါ။ 

ဟေတီနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှု ကြီးထွားလာခြင်းနဲ့ ပြင်းထန်တဲ့ ဂိုဏ်းနယ်မြေလု အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားခြင်းကြောင့် နက်နဲတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အကျပ်အတည်းတွေ ရှိနေတဲ့ကြားမှာပဲ ကောင်စီနဲ့ ဝန်ကြီးချုပ်သစ်တို့ဟာ ကာလကြာရှည် နှောင့်နှေးနေတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ တာဝန်ရှိနေကြတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်ဂိုဏ်းတွေဟာ မြို့တော်ပို့ထ်အောပရင့်စ်ရဲ့ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး အနီးနားဒေသတွေဆီ နယ်မြေတိုးချဲ့ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ငတ်မွတ်မှုတွေ ဖြစ်ပေါ်ရပြီး ဒေသခံထောင်ပေါင်းများစွာဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013