
ဆူဒန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် ဧပြီလလယ်ကနေ ခုထိ ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခကြောင့် နိုင်ငံရဲ့ ရေဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။
ဆူဒန် လက်နက်ကိုင်ပဋိပက္ခဟာ ရေ၊ ဓာတ်အားနဲ့ သဘာဝဓာတ်ငွေ့ အထောက်အပံ့တွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တာပါ။ အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်တောက်ခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးကလည်း အလွန်အမင်း အကန့်အသတ် ရှိနေခဲ့ပါတယ်။
မြို့တော်နဲ့ အိမ်နီးချင်း ခါတွန်မ်နော့သ်နဲ့ အုမ်ဒါမဲန်မြို့တွေ အပါအဝင် မြို့တော်နယ်နမိတ် ဧရိယာဟာ ဆူဒန်မှာ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်နေတဲ့ ဒေသပါ။
ပဋိပက္ခဖြစ်ပြီးကတည်းက ရေသန့်စင်ရေးစက်ရုံတွေ၊ ရေပေးဝေရေးစခန်းတွေနဲ့ ပိုက်လိုင်းတွေလို အခြေခံအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စီမံခန့်ခွဲရေးဝန်ထမ်းတွေ၊ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေပါ ပြတ်လပ်နေလို့ မြို့တော် နယ်နိမိတ်အတွင်း ဒေသအသီးသီးမှာ ရေပေးဝေမှုကွန်ရက် ကြာရှည်ပြတ်တောက်သွားပြီး အိမ်ထောင်စုပေါင်း သိန်းချီဟာ လပေါင်းများစွာ ရေပြတ်တောက်မှုဒဏ်ကို ခံခဲ့ရပါတယ်။
လက်ရှိမှာ ဆူဒန်နိုင်ငံအတွင်း ပြည်နယ် ၁၈ ခုအနက် ၁၅ ခုဟာ ပဋိပက္ခကြောင့် ထိခိုက်မှုကို ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်မှုဒဏ်ကို တိုက်ရိုက်မခံရတဲ့ ဒေသတွေမှာလည်း ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။
ရေပေးဝေမှုအပြင် ဆူဒန်နိုင်ငံထဲက ဒေသအများအပြားမှာ မိလ္လာသန့်စင်ရေးစနစ်တွေ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ကူးစက်ရောဂါတွေ ပျံ့နှံ့ကူးစက်နေပါတယ်။
အခုနှစ် ဇူလိုင်လကစပြီး ဆူဒန်နိုင်ငံထဲက ဒေသအများအပြားမှာ ကာလဝမ်းရောဂါ ဖြစ်နေပြီး နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ စတင်ချိန်ကစပြီး ဒုတိယအကြိမ် ကာလဝမ်းရောဂါ ဖြစ်နေတာပါ။
ဆူဒန်နိုင်ငံတဝန်းမှာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၃၀,၀၀၀ ကျော်နေပြီး လူ ၉၀၀ ကျော် သေဆုံးခဲ့တာကို စာရင်းဇယားတွေအရ မှတ်တမ်းတင်ထားပါတယ်။
Source: Reuters










