
တော်လှန်ရေးမှာ ညီညွတ်ရေးအတွက် စိုးရိမ်စိတ်ရှိနေကြတာနဲ့ ပတ်သက်ပြီး ပြည်ပရောက်မြန်မာအားလုံး တော်လှန်ရေးမှာ စံပြအနေနဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြသကြဖို့ ဒေါက်တာ မီမီဝင်းဘတ်က တိုက်တွန်းလိုက်ပါတယ်။
ဒေသစံတော်ချိန် နိုဝင်ဘာ ၁၀ ရက်က အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒေါက်တာမီမီဝင်းဘတ်တို့ရဲ့ လူထုတွေ့ဆုံပွဲမှာ အခုလိုတိုက်တွန်းခဲ့တာပါ။
မြန်မာပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမှာ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အခြေခံအလေ့အကျင့်ကောင်းတွေဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ်က ရှင်းလင်းပြောဆို ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တာ ၄ နှစ်နီးပါးရှိလာ ပြီဖြစ်ပေမဲ့ လူထုရဲ့မလျော့သော ဇွဲနဲ့ ပံ့ပိုးကူညီမှုတွေကိုကျေးဇူးတင်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် မြန်မာနိုင်ငံမှာ အမြန်အဆုံးသတ် နိဂုံးချုပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဖို့ဝိန်းမြို့ လူထုတွေ့ဆုံပွဲမှာ မြန်မာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ဆက်ဆံရေးကိစ္စတွေ၊ စစ်အာဏာရှင်အဆုံးသတ်ရေးအတွက် ဆောင်ရွက်ဖို့လိုအပ်နေတာတွေနဲ့ မြန်မာ့အရေး အခြေအနေတွေကို ပြည်သူတွေကမေးမြန်းခဲ့ကြပြီး အခမ်းအနားကို တက်ရောက်သူ ၂၅၀ ကျော်ရှိခဲ့ ပါတယ်။











