
ရန်ကုန်မြို့က လမ်းမကြီးတွေနဲ့ လမ်းသွယ်တွေပေါ်မှာ ကားပါကင်နေရာရဖို့ အတားအဆီးတွေ ချထားတဲ့သူတွေကို စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူမယ်လို့ ရန်ကုန်တိုင်း စစ်အာဏာရှင်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
ဇွန် ၂၃ ရက် မနက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသွားတာပါ။
ရန်ကုန်မြို့မှာ ခေတ်အဆက်ဆက်က အမြစ်တွယ်နေတဲ့ အဲဒီ ကားပါကင်ဦးတဲ့ ပြဿနာကြောင့် မြို့ပုံရိပ်ကို ထိခိုက်စေတဲ့အပြင် မြို့ခံလူထုအကြား ပဋိပက္ခလည်း မကြာခဏ ဖြစ်ပွားနေတာပါ။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က မနေ့က လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းသွားတာ ဖြစ်ပါတယ်။
သူမေးမြန်းတဲ့အထဲ ကားပါကင်လုရာကနေ ရပ်ကွက်အတွင်းမှာ ရန်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေကြတာကြောင့် ရန်ကုန်မြို့တွင်း လမ်းမကြီးတွေနဲ့ လမ်းတွေပေါ်က ကားရပ်နားနိုင်တဲ့ နေရာတွေမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အတားအဆီးတွေ ချထားတာကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ ထည့်သွင်း ပြောကြားသွားပါတယ်။
သမိုင်းမြို့သစ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က “ရပ်ကွက်ထဲမှာဆို နေ့တိုင်းနီးပါးပဲ ဖြစ်နေကြတာ။ အသက် ၅၀၊ ၆၀ အဘိုးကြီးတွေက ပိုဆိုးတယ်။ သူတို့အိမ်ရှေ့မှာ တာယာခွေထဲ ကွန်ကရစ်လောင်းပြီး ချထားတာ၊ ဘယ်ကားမှ လာရပ်လို့မရဘူး။ သွားရပ်တာနဲ့ ပြဿနာရှာကော” လို့ ပြောပါတယ်။
အဲဒီလို မေးမြန်းမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားရာမှာ ရန်ကုန်မြို့အတွင်းက လမ်းမကြီးတွေနဲ့ လမ်းတွေပေါ်မှာ ကားပါကင် နေရာဦးထားတဲ့ အတားအဆီးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈) နဲ့အညီ အရေးယူ ဆောင်ရွက်သွားမဲ့အပြင် အဲဒီအတားအဆီးတွေကိုလည်း ဖယ်ရှားရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
စည်ပင်ဥပဒေအရ အများပြည်သူပိုင် လမ်းတွေပေါ်မှာ အဲဒီလို အတားအဆီးတွေချပြီး ကားပါကင် နေရာဦးထားမယ်ဆိုရင် ဒဏ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။










