DVB Logo
Home
မြန်မာသတင်း
အင်းလေး ရေဘေးသင့်အိမ်များကို ရန်ကုန်လူမှုကူညီရေးအသင်းများက ပြုပြင်ပေးနေ
DVB
·
November 11, 2024
အင်းလေး ရေဘေးသင့်အိမ်များကို ရန်ကုန်လူမှုကူညီရေးအသင်းများက ပြုပြင်ပေးနေ
1 / 3
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက အင်းမရွာမှာ ရေဘေးကြောင့် ပျက်စီးနေတဲ့ ၁၆၃ လုံးကို ပြုပြင်ပေးနိုင်ခဲ့ပြီး ရေသန့် ရရှိရေးအတွက် စက်ရေတွင်း၊ လက်ရေတွင်းတွေ တူးဖော်ပေးဖို့ ရှိတယ်လို့ အရပ်ဘက်လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

အင်းလေးဒေသဟာ ၂၀၂၄ စက်တင်ဘာလကတည်းက မိုးသည်းထန်စွာ ရွာနေခဲ့တာနဲ့ တောင်ကျရေကြောင့် ညောင်ရွှေမြို့တွင်းနဲ့ အင်းလေးရွာပေါင်း ၁၇၇ ရွာမှာ ရေနစ်မြုပ်နေခဲ့တာပါ။ 

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတွေ လာရောက်ပြုပြင်ပေးခဲ့တဲ့ အင်းမရွာကတော့ အင်းလေးဟိုတယ်ဇုန်ကနေ မိနစ် ၄၀ လောက် စက်လှေစီးရတဲ့ ခရီးအကွာအဝေးမှာ ရှိပါတယ်။

သစ္စာမဏ္ဍိုင်အသင်း တာဝန်ရှိသူက “အင်းမရွာမှာ ပြုပြင်ပေးဖြစ်တာက ရွာသားကြီးတဦးက အိမ်တွေပြင်ဖို့ အကူအညီလိုတယ်ဆိုလို့ လုပ်ဖြစ်သွားတာပါ။ အလှူရှင်တွေ ကူညီမှုနဲ့ပါ။ အခုတော့ အလုံး ၃၀ ပြီးစီးပါပြီ။ သာမန် ပျက်စီးတဲ့ တအိမ်ကို ၇ သောင်းနှုန်းပါ။ ရွာခံတွေက လိုက်ပြင်ပေးပါတယ်။ တော်တော်များများ ပျက်တဲ့အိမ်တွေကျတော့ တအိမ် ၁ သိန်း ၂ သောင်းနှုန်း သုံးပြီး ပြင်ပေးခဲ့တာပါ။ ရေတွေ မသန့်ဘူး။ သောက်လို့ရတဲ့ ဘုန်းကြီးကျောင်းနားက ရေရှိတယ်။ ရေတဘူး ၁၂၀၀ နှုန်းနဲ့ ပေးနေရတယ်။ ဒါကြောင့် စက်ရေတွင်း၊ လက်ရေတွင်းကို တတွင်း သိန်း ၇၀ နှုန်းနဲ့ တူးပေးဖို့ စီစဉ်နေပါတယ်” လို့ ဆိုပါတယ်။ 

အိမ်ခြေအရေအတွက် ၅၀၀ လောက်ရှိတဲ့ တရွာလုံးနီးပါး တံငါလုပ်ငန်းနဲ့ နှီးရက်တဲ့ လက်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြပြီး အိမ်တွေကို ထရံကာ၊ သွပ်မိုး၊ ဝါးပိုးတိုင်တွေကို အသုံးပြု ဆောက်လုပ်ထားကြတာ ဖြစ်ပါတယ်။

အင်းမရွာခံတယောက်က “ထရံတွေ ကပ်ပေးတယ်။ နေလို့ ရတာပေါ့။ တချို့အိမ်က ကာတာ ပတ်ပတ်လည်။ အပေါက်တွေ မရှိတော့ဘူး။ တိုင်တွေ လာစိုက်ပေးတယ်။ ဒီက ဝါးတိုင်ပဲ သုံးတယ်။ ထရံတချပ် ၂ သောင်းခွဲ”လို့ ဆိုပါတယ်။ 

ရေနစ်မြုပ်မှုအတွင်း အိမ်ခြေအများစုမှာ ဘေးအကာနဲ့ အခင်းတွေ ပျက်စီးသွားကြပြီး လက်လုပ်လက်စား အများစုဖြစ်တာကြောင့်  ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ပြင်ပအကူအညီ အထောက်အပံ့တွေကို ယူနေရတာ ဖြစ်ပါတယ်။

အင်းလေးဒေသအတွင်းက ရွာတွေမှာ စက်တင်ဘာလအတွင်း စတင်ရေနစ်မြုပ်ချိန်က အမြင့်ဆုံး ၁၂ ပေနီးပါးအထိ ရေတက်ခဲ့သလို နိုဝင်ဘာ ၂ ရက်က အင်းလေးကန်အနောက်ဘက်ရှိ ကန်လှနဲ့ နုရွာတို့မှာ လေပြင်းတိုက်ခတ်ခံရလို့ ‌လူနေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013