DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်က သတ်ဖြတ်စွန့်ပစ်ခဲ့သည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ
DVB
·
November 11, 2024
ဘုတလင်တွင် စစ်တပ်က သတ်ဖြတ်စွန့်ပစ်ခဲ့သည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ သဖန်းကျေးရွာကို နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ အမျိုးသားအလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတယောက်က “သဖန်းရွာနဲ့ သပြေပင်ရွာကြားမှာ တွေ့ခဲ့တာပါ။ အလောင်းက ပုပ်ပွနေပါပြီ။ လက်ပြန်ကြိုးအတုပ်ခံရပြီးမှ ပစ်သတ်သွားတဲ့သဘောမှာ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ သဖန်းကျေးရွာနေ အသက် ၅၀ အရွယ် ကိုတိုးတိုးမင်း ဖြစ်ပြီး နို၀င်ဘာ ၉ ရက်မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

နို၀င်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ဖမ်းဆီးသတ်ဖြတ်သွားတဲ့ သဖန်းကျေးရွာက အသက် ၇၀ အရွယ် ဦးစန်းလွင်ရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ရပါသေးတယ်။

ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တယောက်က “လောလောဆယ်တော့ ပြည်သူအလောင်း ၂ လောင်း တွေ့ထားတယ်ပေါ့။ စစ်ကြောင်းကလည်း ဟိုဘက် သပြေပင်ရွာထဲမှာ တပ်စွဲနေကြတော့ ရွာသားတွေ ရွာထဲ ပြန်မ၀င်ရဲကြသေးဘူးလေ။ အဲဒါကြောင့် သူတို့ မီးရှို့သွားတဲ့ မီးလောင်ပြင်ကို သေချာမရှင်းလင်းကြရသေးဘူး။ အဲဒီထဲမှာလည်း ထပ်တွေ့နိုင်ခြေရှိသေးတယ်။ အခုလောလောဆယ် ရာသီဥတုက အေးတဲ့ဘက် ရောက်လာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်”လို့ DVB ကို ပြောပါတယ်။

အောက်တိုဘာ ၅ ရက်ကစလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထွက်လာတဲ့ အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ဘုတလင်မြို့နယ်အတွင်း သဖန်းကျေးရွာက လူနေအိမ် ၃၇ လုံး၊ ကျောက်အိုးမြောက်ကျေးရွာက လူနေအိမ် ၆ လုံး၊ စီပါကျေးရွာက လူနေအိမ် ၂၇၉ လုံး၊ ကျွဲသေချာင်းကျေးရွာက လူနေအိမ် ၄၅ လုံး၊ အိုင်ပေါင်းချောင်ကျေးရွာက လူနေအိမ် ၂၁ လုံး၊ ဆည်ဝကျေးရွာဟောင်းက လူနေအိမ် ၁၄ လုံး၊ ဆည်ဝကျေးရွာသစ်က လူနေအိမ် ၃၀ လုံး၊ စိုင်ပြင်လေးကျေးရွာက လူနေအိမ် ၂၈ လုံး၊ အင်းတဲကျေးရွာက ၂ လုံးနဲ့ တက်လှိုင်းကျေးရွာက လူနေအိမ် ၁ လုံး အပါအ၀င် ပြည်သူတွေရဲ့ လူနေအိမ် ၄၆၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေအပါအ၀င် အနီးအနားက ကျေးရွာပေါင်း ၃၀ ၀န်းကျင်က ပြည်သူထောင်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် စောင်နဲ့ အနွေးထည်တွေ စတဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013