DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄  ဦးအား ဖမ်းမိ
DVB
·
November 9, 2024
အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄  ဦးအား ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုထံက သိရပါတယ်။

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်ကို မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်စပ် CDF - Asho ရှေ့တန်း စစ်ဆင်ရေးဒေသတနေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ခမရ ၃၇၃ နဲ့ ခမရ ၃၇၁ က တပ်သားတွေဖြစ်တယ်လို့ CDF-Asho တာဝန်ခံ ဆလိုင်းရိုးချင်းက DVB ကို ပြောပါတယ်။

“၃၇၃ က ၂ ယောက်ကတော့ အာရက္ခတပ်တော် AA က ၃၇၃ ကို သိမ်းချိန်မှာ စခန်းတွင်း ၈ ယောက်ပဲ ကျန်တော့ချိန်မှာ ကြောက်လန့်ပြီး ထွက်ပြေးလာတယ် ပြောပါတယ်။ ၃၇၁ က ၂ ယောက်ကတော့ နယ်ခြားဂိတ် ကံမြင်းကန်ဂိတ်အနီး ကြက်ရေစမ်းမှာ စစ်ကြောင်းချထားချိန် ကင်းချိန်အတွင်း ပြေးလာတယ်လို့ ထွက်ဆိုထားပါတယ်။” 

အောက်တိုဘာ ၃၁ ရက်မှာ အမ်းမြို့ (နပခ)ရှိ ခမရ ၃၇၃ က  ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား သက်နိုင် (ပစ - ၁၀၄၆၀၁) နဲ့ သက်နိုင်ဦး (ပစ - ၁၀၄၆၀၀) တို့ ၂ ယောက်အား ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃ ရက်မှာ  ခမရ ( ၃၇၁ )၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းက  ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ရဲမွန်ဦး (ပစ - ၁၀၄၉၇၉) နဲ့ ကျော်မင်းဦး (ပစ - ၁၀၄၉၈၄) တို့ ၂ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့တာပါ။

“လတ်တလောတော့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ကြသေးတဲ့အတွက် ထိန်းသိမ်း မေးမြန်းရုံပဲ ရှိပါသေးတယ်ဗျ။ ဆက်လက် လုပ်ဆောင်ဖို့ကတော့ ဖြေကြားမှုတွေနဲ့ စုံစမ်းသိရှိရတဲ့ အခြေနေပေါ် မူတည်နေသေးတာမို့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးဗျ” လို့ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) အနေနဲ့ ဖမ်းဆီးရမိတဲ့ ရန်သူ့စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ  စနစ်တကျ ထိန်းသိမ်းထားတယ်လို့ အသိပေးထုတ်ပြန်ထားပါသေးတယ်။

AA အနေနဲ့ အမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်စခန်းတွေကို အပြင်းအထန်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေများကာ တပ်စခန်း တခုပြီးတခု လက်လွှတ်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013