DVB Logo
Home
မြန်မာသတင်း
မတ္တရာနှင့်  ဘုတလင်၌  စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာမီးရှို့ ၊ ပြည်သူသောင်းချီ ထွက်ပြေး
DVB
·
November 8, 2024
မတ္တရာနှင့်  ဘုတလင်၌  စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာမီးရှို့ ၊ ပြည်သူသောင်းချီ ထွက်ပြေး
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ရာနဲ့ချီတဲ့ ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

မတ္တရာနယ်အနောက်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ခုခွဲပြီး ဝင်ရောက်နေတာဖြစ်ပြီး နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ မတ္တရာမြို့ပေါ်က နေလက်နက်ကြီး ပစ်ကူပေးနေသလို မတ္တရာမြို့ပေါ်မှာ စစ်သားအင်အားထပ်တိုးချထားတယ်လို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

မတ္တရာနယ်အနောက်မြောက်ခြမ်း ကျေးရွာ ၁၅ ရွာက သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးထိမှန်တာကြောင့် သေဆုံးဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၁ ရက်နောက်ပိုင်းမှာ စစ်ကောင်စီက မတ္တရာနယ်ထဲကိုပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းကနေ ရိက္ခာထောက်ပို့ရေးလုပ်ငန်း တွေပြန်လုပ်နိုင်ဖို့ကြိုးစားနေတာ တွေ့ရတယ်လို့ မတ္တရာ PDF တာဝန်ရှိသူကပြောပါတယ်။

မတ္တရာPDF ဦးတိုးက "မတ္တရာကိုလည်းထိုးစစ်ဆင်နေတာပဲ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ချင်နေပုံရတယ်။ လောလောဆယ်အခုထိုးနေတာကတော့ မတ္တရာ အနောက်မြောက်ခြမ်းပေါ့။ မတ္တရာ အနောက်ဘက်ကဝင်တယ် မြောက်ဘက်ကဝင်တယ် ၂ ကြောင်းလှည့်ဝင်တာပေါ့။ သူတို့ဘက်ကတော့ လက်နက်ကြီးလှိုင်လှိုင်သုံးတယ်ပေါ့။ မတ္တရာမြို့ပေါ်ကလည်းပဲ 120 တို့ ဟောင်ဝစ်ဇာတို့နဲ့ပစ်ကူပေးတယ်ပေါ့။ အောက်ကလည်း သူတို့ခြေကြောင်း ထိုးတယ်ပေါ့။ ဒါပေမဲ့ ခြေကြောင်းကတော့ သူတို့ပေါက်အောင် မထိုးနိုင်ပါဘူး။ တခုရှိတာမနေ့ကမနက်က ပြင်ဦးလွင်ဘက်ကဆင်းလာတဲ့ ကား ၃ စီး၊ ခန့်မှန်းအင်အား ၆၀ လောက်ပါတယ်၊ အဲ့ဒီ ၃ စီးက မနေ့က ညပိုင်းမှာ မတ္တရာမြို့ထဲဝင်သွားတယ်။ အင်အားထပ်ဖြည့်တဲ့ သဘောပေါ့။ လောလောဆယ်တော့ သူတို့စစ်ကြောင်းထိုးလာတဲ့ ဒေသတလျှောက်က ကျေးရွာတွေကပြည်သူတွေကတော့ အကုန်ဒုက္ခရောက်နေတာပဲ”လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်က ပြန်လည်စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ မန္တလေးဒေသတွင်း PDF တွေက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေက စစ်ကောင်စီစခန်း အများအပြားကိုတိုက်ခိုက်သိမ်းယူခဲ့တာပါ။

စက်တင်ဘာလထဲမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ထိုးဆင်စစ်မှုတွေယာယီရပ်တန့်သွားပြီးနောက် စစ်ကောင်စီက မန္တလေးတိုင်းကို နယ်မြေပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့အနီးမှာတည်ရှိတဲ့ ဘုတလင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက် မီးရှို့နေတယ်လို့ မုံရွာသပိတ်ဦးဆောင် ကော်မတီက ပြောပါတယ်။ 

နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာ ဘုတလင်နယ် သဖန်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ တာကြောင့် နေအိမ် ၄၀ ထက်မနည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။

လက်နက်ကြီးနဲ့လည်း စစ်ကောင်စီကဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် သဖန်း၊ သပြေပင်၊ မကျီးအုတ်နဲ့ အင်းတဲရွာတွေက ပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီမှ  ခန့်ဝေဖြိုးက  "လက်ရှိမုံရွာမြို့အခြေအနေကတော့ မြို့တွင်းမှာတော့ စစ်ကောင်စီက လုံခြုံရေးကိုတင်းတင်းကျပ်ကျပ်နဲ့ ချထားတာရှိတယ်ပေါ့နော်။ မုံရွာမြို့အနီးမှာရှိတဲ့ ဘုတလင်ဆိုရင်လည်း ပြီးခဲ့တဲ့လက ကူတော်စခန်းကိုသွားတဲ့ စစ်ကူ စစ်ကြောင်း တကြောင်းလုံးနီးပါးခြေမှုန်းခံလိုက်ရတဲ့အပေါ်မှာ လက်နက်မရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထား တုံ့ပြန်တာတွေကိုတော့ စစ်ကောင်စီက ပိုပြီးတော့ ပြင်းပြင်းထန်ထန်လုပ်လာတယ်"လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံးကို ဘုတလင်မြို့နယ်အတွင်းမှာ PDF တွေက ရှင်းလင်းတိုက်ခိုက်ခဲ့လို့ နောက်တရက် အောက်တိုဘာ ၁ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာအနီးနားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲဖြစ်ပွားခဲ့ရာ စီပါရွာအနီးက မောင်းထောင်ရွာနဲ့ လယ်တီရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စီပါရွာမှာ ရွာသားတွေကိုလည်း  စစ်တပ်က အပိုင်းပိုင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013