DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမီးပုံးပျံပွဲ လုံခြုံရေးတင်းကျပ်၊ တအိမ်ကိုကျပ် ၅၀၀၀ နှုန်းကောက်ခံ
DVB
·
November 8, 2024
တောင်ကြီးမီးပုံးပျံပွဲ လုံခြုံရေးတင်းကျပ်၊ တအိမ်ကိုကျပ် ၅၀၀၀ နှုန်းကောက်ခံ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ စစ်ကောင်စီက မီးပုံးပျံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ အစစ်အဆေးတွေနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး တအိမ်ကျပ် ၅၀၀၀ နှုန်း ကောက်ခံနေတယ်လို့ မြို့ခံတွေက  ပြောပါတယ်။ 

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မှာ စစ်ကောင်စီက တောင်ကြီးမီးပုံပျံကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေပြီ မီးပုံးပျံပွဲကြောင့် တောင်ကြီးမြို့ထဲနဲ့ မြို့တဝိုက်မှာ အစစ်အဆေးတင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ကြီးမီးပုံးပျံပွဲကို နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ၇ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ ရှမ်းပြည်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

မီးပုံးပျံပွဲကျင်းပဖို့ စစ်ကောင်စီက တောင်ကြီးမြို့တွင်းကနေအိမ်တွေကို တအိမ် ၅၀၀၀ ကျပ်နှုန်း မထည့်မနေရ ငွေကောက်ခံနေပြီး တချို့ရပ်ကွက်တွေမှာတော့ ရပ်ကွက်အလိုက် ငွေကျပ်သိန်း ၃၀ အထိ ကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခြေအနေက ပွဲစဉ်ဇယားတွေအကုန်ထွက်ထားပြီးပြီ၊ page မှာ ပွဲစဉ်ဇယား အကုန်ကြေညာထားပြီးပြီ၊ လူတွေလည်းရောက်လာပြီ တမြို့လုံးစည်ကား သိုက်မြိုက်နေလို့ လမ်းတွေတောင်ပိတ်နေတာ၊ မနှစ်ကတော့ ဒီနှစ်ကပိုပြီး စည်ကားတာပေါ့၊ ဟိုတယ်တွေက ဘိုကင်တောင် တင်နေတာ ပြည့်ပြီလို့ပြောတာပဲံ၊ မီးပုံးပျံက အားလုံး ၂၅၉ လုံးပေါ့။ ငွေကောက်တယ်ဆိုတယ်က အရင်ထဲက ကောက်နေကြ မီးပဒေသာအတွက် အလှူငွေက အခုမှဖျက်လို ဖျက်ဆီးပုံစံနဲ့ လိုက်ပြောနေကြတာ” လို့ မြို့ခံတယောက်က ပြောပါတယ်။

ရှမ်းပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေဟာ တောင်ကြီးမြို့ကို လာရောက်စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်တွေဆီကပါ ငွေကြေးကောက်ခံနေတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

မီးပုံးပျံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက တောင်ကြီးမြို့ပေါ် လူစည်ကားရာ လမ်းမတွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ချထားပြီး စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “မီးပုံးပျံကွင်းဘက်မှာ မုခ်ဦးတွေပြင်ဆင်နေတာတွေ့ရတယ်။ မြို့ထဲမှာဆို မီးပွိုင့်တွေနားမှာ မိုးကာပတ်ထားတဲ့ ရဲကင်းတွေ ဆောက်ထားတာတော့ တွေ့နေရပါပြီ။ နေ့လယ်နေ့ခင်းဆို ဌာနဆိုင်ရာကနေ တန်ဆောင်တိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမယ်ဆိုပြီးတော့ မိန်းလမ်းတလျှောက်နားမှာ လော်စပီကာတွေနဲ့ အော်လံတွေနဲ့ လိုက်အော်နေတာတော့ ကြားရတာ ၂ ခါလောက်ရှိပြီ၊ မီးပဒေသာအတွက်လည်း အကုန်လုံးပေါင်းပြီးတော့ တရပ်ကွက်ကို သိန်း၃၀ ထည့်ရမယ်ဆိုတာတွေလည်း ကြားနေရတယ်” ပြောပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲကို မဖြစ်မနေလာရောက် ကြည့်ရှုကြဖို့လည်း စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ နှိုးဆော်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အေးချမ်းစည်ကားနေကြောင်းပြသဖို့ မီးပုံးပျံပွဲကိုကျင်းပဖို့ ပြင်ဆင်နေပြီး မြို့ခံပြည်သူတွေကတော့ မီးပုံးပျံပွဲကို လည်ပတ်ဖို့ စိတ်မပါကြဘူးလို့ ဆိုပါတယ်။

မြို့ခံနောက်တယောက်က“ကိုယ့်ရဲ့မြို့ဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်၊ တချို့နေရာတွေဆို ဗုံးတွေကြဲတယ် ရွာတွေ မီးရှို့ခံနေရတယ်။ ကိုယ့်ရဲ့မြို့မှာလည်း စစ်ရှောင်တွေ အများကြီးရောက်နေတယ်။ အားလုံးက ဒုက္ခတွေအများကြီးရှိနေတဲ့ ကာလမှာ ပျော်ပွဲရွှင်ပွဲလိုပုံစံမျိုးကတော့ နယ်ခံတွေလည်း မလုပ်ချင်ကြဘူးပေါ့နော်။ တောင်ကြီးဆိုရင် ၂၀၁၉ အထိ မီးပုံးပျံကိုလုပ်ခဲ့ကြတယ်။ ၂၀၂၀ ကတော့ ကိုဗစ်မလို့ မလုပ်ဖြစ်ဘူး၊ ၂၀၂၁ နောက်ပိုင်းကတော့ သိသိသာသာကွာသွားတယ်။ အရင်က လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်လေးလုပ်ခဲ့ရတယ်၊ အခုကတော့ တခုခုဘာများဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေများလာကြတယ်” လို့ ပြောပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွက် တခြားဒေသတွေက ပြည်သူတွေ လာရောက်လည်ပတ်ဖို့ ဟိုတယ်ဘိုကင်လုပ်သူတွေ များပြားနေတာကြောင့် တောင်ကြီးမြို့ခံတွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေကြရပြီး တော်လှန်ရေးအသိုက်အဝန်းက ဝေဖန်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013