
ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်မှုအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး ရုရှားနိုင်ငံကာ့စ်ခ်ဒေသကို စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင် ၁၁,၀၀၀ ထဲက တချို့ဟာ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး နိုဝင်ဘာ ၇ ရက် မှာ ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းကို လုံလောက်တဲ့ လက်နက်နဲ့ နိုင်ငံရေးအရ ဖိအားတွေ မချထားဘူး ဆိုရင် နောက်တဆင့်မှာ ရုရှားဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အင်အားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တယ်လို့ ယူဆကြောင်းလည်း ယူကရိန်းခေါင်းဆောင်က ဘူဒါပတ်စ်မှာ ပြုလုပ်တဲ့ ဥရောပနိုင်ငံရေး အသိုက်အဝန်း ထိပ်သီးဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
ပူတင်က ကမ္ဘာကြီးရဲ့ တုံ့ပြန်မှုကို အမြဲတမ်း စောင့်ကြည့်နေတာကြောင့် ဒီကနေ့ တုံ့ပြန်မှုနဲ့တင် မလုံလောက်သေးဘူးလို့ ယုံကြည်ကြောင်းလည်း ဇလန်းစကီး ပြောပါတယ်။
ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မေးခွန်းကို ဖြေကြားရာမှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို အရင်သဘောတူခြင်း မရှိဘဲ အပစ်အခတ်ရပ်စဲရေးကို မိတ်ဆက်တဲ့ဆွေးနွေးပွဲဟာ ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ပျက်ပြားစေလိမ့်မယ်လို့ ဇလန်းစကီးက ပြောပါတယ်။
လုံခြုံရေးအာမခံချက်မရှိတဲ့အခါ အပစ်အခတ်ရပ်စဲရေးဟာ နောက်ထပ်သိမ်းပိုက်မှု လုပ်ဖို့ ပြင်ဆင်ချက်တခုပဲလို့လည်း ယူကရိန်းသမ္မတက မီဒီယာတွေကို ပြောပါတယ်။
စစ်ပွဲကို အမြန် အဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ် အသေးစိပ်ကို မသိရှိသေးသလို ဒါနဲ့ပတ်သက်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတနဲ့လည်း မဆွေးနွေးရသေးဘူးလို့ ဇလန်းစကီး က ပြောဆိုပါတယ်။
ထရမ့်ပ်ဟာ စစ်ပွဲကို အမြန်အဆုံးသတ်ချင်မယ်လို့ ယုံကြည်ပေမဲ့ ဒါဟာ သေချာပေါက် ဖြစ်လာမယ်လို့တော့ မဆိုလိုပါဘူးလို့လည်း ယူကရိန်းခေါင်းဆောင်က ပြောပါတယ်။
Source: Reuters










