DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် သဖန်းကျေးရွာက နေအိမ် ၄၀ နီးပါးကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး
DVB
·
November 8, 2024
ဘုတလင်မြို့နယ် သဖန်းကျေးရွာက နေအိမ် ၄၀ နီးပါးကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က သဖန်းကျေးရွာကို နို၀င်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၄၀ နီးပါး မီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးက “သဖန်းရွာက ဘုတလင်ရဲ့အရှေ့ဘက် ၅ မိုင်လောက်ပဲ ဝေးတာပါ။ အိမ်ခြေကတော့ ၁၂၀ ၀န်းကျင်လောက်ရှိပါတယ်။ အဲ့ဒီဘက်ရွာတွေကို စစ်ကြောင်း၀င်တာ ၃၊ ၄ ခါရှိပြီ။ စစ်တပ်စစ်ကြောင်းက ၅ ရက်နေ့ကတည်းက သဖန်းရွာထဲရောက်ပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲတယ်။ ၂ ညအိပ်ပြီး ရွာကိုမီးရှို့တာပဲ။ ၇ ရက်နေ့ညနေပိုင်းအထိတော့ အိမ် ၄၀ လောက်မီးလောင်သွားတယ်လို့ စာရင်းရပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်​ကောင်စီစစ်ကြောင်းဟာ သဖန်းကျေးရွာကလူနေအိမ်တွေကို မီးရှို့သွားသလို လူနေအိမ်တွေထဲက အသုံးအဆောင်နဲ့ အဖိုးတန်ပစ္စည်းတွေကို မွှေနှောက်ရှာဖွေယူဆောင်သွားကြသေးတယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တယောက်က “သူတို့စစ်ကြောင်းက သဖန်းရွာကို မီးရှို့ပြီးထွက်သွားပြီ။ သပြေပင်ရွာထဲကိုရောက်နေတယ်လို့ သတင်းရတယ်။ သဖန်းရွာ၊ သပြေပင်ရွာနဲ့ ရွာနီးချုပ်စပ်က ပြည်သူတွေထွက်ပြေးနေကြတယ်။ ရွာဆက်က နည်းနည်းကြဲတော့ ထွက်ပြေးကြတဲ့ ပြည်သူအရေအတွက်နဲ့ ဖမ်းဆီးခံရတဲ့ အရေအတွက်တွေကိုတော့ အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ နို၀င်ဘာလဆန်းပိုင်းကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေရဲ့လူနေအိမ် ၄၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရပြီလို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၅ ရက် မနက်ပိုင်းမှာ နမခတပ်စခန်းကနေ သဖန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက် “သူတို့ဘက်က အင်အား ၁၀၀ နီးပါးလောက်က နမခကနေ သဖန်းရွာဘက်ကို ယူကလစ်တန်းမြောက်ဘက်နားကနေ ကပ်တက်လာတာကို ရေချမ်းစဥ်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲက နာရီ၀က်လောက်ဖြစ်ခဲ့တယ်။ သူတို့ဘက်က ၂၀ ကျော်သေတာကို ကားတွေနဲ့လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းပါသွားတယ်။ အဲ့ဒါကြောင့် အထိနာလို့ သဖန်းရွာကို မီးရှို့တာဖြစ်နိုင်တယ်။ တကယ်တော့ သူတို့အထိနာတာနဲ့ ရွာနဲ့က ဘာမှမဆိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်နိုင်တယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ စစ်​ကောင်စီတပ်ဖွဲ့၀င်တွေ စစ်ကြောင်းထိုး၀င်ရောက်နေတဲ့အပြင် နမခတပ်အတွင်းကနေ ဟောင်၀င်ဇာတွေအပါအ၀င် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် သဖန်းကျေးရွာ၊ သပြေပင်ကျေးရွာ၊ မကျီးအုတ်ကျေးရွာနဲ့ အင်းတဲကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013