DVB Logo
Home
မြန်မာသတင်း
ရခိုင်လူဦးရေ ၂ သန်းခန့် မကြာမီ အငတ်ဘေး ကြုံရနိုင်
DVB
·
November 7, 2024
ရခိုင်လူဦးရေ ၂ သန်းခန့် မကြာမီ အငတ်ဘေး ကြုံရနိုင်
Donate to DVB

ပြင်းထန်တဲ့ တိုက်ပွဲ ပဋိပက္ခတွေ၊ ကုန်သွယ်မှု ပိတ်ဆို့တာတွေကြောင့် ရခိုင်ပြည်နယ်ထဲက လူဦးရေ ၂ သန်းလောက်ဟာ လာမယ့်မကြာမီလပိုင်းအတွင်း ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံတွေ့ရနိုင်တယ်လို့ ကုလသမဂ္ဂအကြီးတန်း အရာရှိတဦးက သတိပေးလိုက်တဲ့အကြောင်း The Guardian သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် ရခိုင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ဝင်ငွေက နိမ့်ကျပြီး ဆန်စပါး ထုတ်လုပ်မှု ကျဆင်းနေတာ၊ စစ်အုပ်စုက ကုန်သွယ်ရေးတွေ ကန့်သတ်ထားတာတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှု ဆိုးရွားစွာ ဖြစ်ပေါ်နေကြတဲ့အကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)က ထုတ်ပြန်သွားမယ့် သုတေသနအစီရင်ခံစာမှာ ပါရှိတယ်လို့ ဆိုပါတယ်။

ဆာလောင်ငတ်မွတ်မှု ပြေပျောက်စေဖို့အတွက် တချို့လူတွေဟာ များသောအားဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြတဲ့ ဖွဲ၊ ဆန်ကွဲတွေကို စားသုံးနေကြတာကို တွေ့ရပြီး UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး ကန်နီဝစ်ဂ်နာရာဂျာက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံးဝပြိုကွဲနေပြီး အရင်က လုံးဝမမြင်တွေ့ဖူးတဲ့ အခြေအနေဖြစ်တယ်လို့ The Guardian သတင်းကို ပြောလိုက်တာပါ။

“တကယ်လို့ ဖြစ်နိုင်ခြေရှိတဲ့ ဒီခန့်မှန်းချက်အရ လာမယ့် ၂၀၂၅ ခုနှစ်မှာ လူ ၂ သန်းနီးပါး ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေမှာ တွေ့ရပါလိမ့်မယ်။ ကျမတို့ စစ်တမ်းကောက်ယူခဲ့တဲ့ အိမ်ထောင်စု တော်တော်များများဟာ တနေ့ကို ထမင်းတနပ်စာအတွက် ရိက္ခာကို ဖြတ်တောက်နေကြပြီး တချို့ကတော့ ဒီထက်နည်းပါတယ်။”

UNDP ရဲ့ သုတေသနပြုချက်အရ ရခိုင်ပြည်နယ်ထဲက လူဦးရေ ၁ ဒသမ ၄ သန်းလောက်ရဲ့ အိမ်ထောင်စု ထက်ဝက်ကျော်ရဲ့ လစဉ် ၀င်ငွေဟာ ကျပ် ၆၆,၆၀၀ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ် နှောင်းပိုင်းလောက်က ဖြစ်ပွားလာတဲ့ ပြင်းထန်တိုက်ပွဲတွေကြောင့် ၄၆,၆၂၀ ကျပ်အထိ ကျဆင်းသွားတယ်လို့လည်း ဆိုပါတယ်။

ဒါက သူတို့ရဲ့ ငှားရမ်းခ၊ ဒါမှမဟုတ် အမိုးအကာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေလို ကုန်ကျစရိတ်တွေကို ထည့်သွင်းခြင်းမပြုဘဲ တွက်လိုက်ရင် အဓိက ဆန်ကုန်ကျစရိတ်ကို ကာမိရုံလောက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

UNDP ရဲ့ အစီရင်ခံစာမှာတော့ စစ်အုပ်စုက ရခိုင်ပြည်နယ်ကို ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေက “ရခိုင်ပြည်နယ်ကို ကျန်ဒေသတွေနဲ့ ခွဲထုတ်ဖို့ ရည်ရွယ်ထားပြီး အားနည်းနေသော လူဦးရေအပေါ် 'စုပေါင်း ပြစ်ဒဏ်ပေးတာမျိုးကို အတိအကျ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အဲဒီအစား သူတို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ အာရက္ခတပ်တော် (AA) ကိုသာ နေထိုင်သူတွေရဲ့ လူမှုစီးပွားဘဝ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ဖျက်ဆီးနေတယ်လို့ အပြစ်တင်နေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကလေးသူငယ် ၃ ဒါဇင်ကျော်လောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့တဲ့အကြောင်း UNDP က အတည်ပြုနိုင်ခဲ့သလို အမှန်တကယ်သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ အလုပ်အကိုင်တွေ ဆုံးရှုံးရသလို အခြေခံဆေးဝါးနဲ့ တချိန်တည်းမှာပဲ ဆန်နဲ့ ဆီလို မရှိမဖြစ်လိုအပ်တဲ့ အစားအစာဈေးနှုန်းတွဟာလည်း အဆိုးရွားဆုံးသော ဒေသတွေမှာ ၁၀ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ UNDP က ဆိုပါတယ်။

Ref: The Guardian

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013