DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် ကျေးရွာ ၅ ရွာရှိ မွတ်ဆလင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
DVB
·
November 7, 2024
ကန့်ဘလူမြို့နယ် ကျေးရွာ ၅ ရွာရှိ မွတ်ဆလင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၅ ရွာက မွတ်ဆလင်ဒေသခံတွေ အကူအညီလိုအပ်နေကြပါတယ်။

ကန့်ဘလူမြို့နယ် အစွန်ပိုင်းမှာ တည်ရှိတဲ့ ကျီစု၊ ကျောက်တိုင်၊ အောင်ချမ်းသာ၊ ရင်းတိုက်၊ ဝက်တိုး စတဲ့ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်လာပြီး နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် မွတ်ဆလင်ဒေသခံ တွေက ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီရေးလုပ်ဆောင်ပေးနေသူတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်ကတည်းက စစ်ကြောင်းဝင်လာတာဖြစ်လို့ စစ်ဘေးရှောင်တွေဟာ ၉ ရက်ကြာ တောထဲမှာ နေထိုင်နေရပြီး မိုးရွာနေတဲ့အတွက် အမိုးအကာနဲ့ အစားအသောက်တွေ လိုအပ်တယ်လို့ ကျီစုရွာဒေသခံတယောက်က  ပြောပါတယ်။

“တောထဲရောက်တာတော့ ၉ ရက်ရှိသွားပြီပေါ့။ ကျနော်တို့ ရွာမယ် စစ်ကြောင်းထိုးပြီးတော့ အိမ်တွေရော၊ ဘုန်းကြီးကျောင်းတွေရော၊ ဗလီတွေရော၊ စာသင်ကျောင်းတွေရော မီးရှို့သွားလို့၊ စစ်ကြောင်းထိုးနေလို့ ကျနော်တို့ဒီဘက်ရွာတွေမှာတိမ်းရှောင်နေရတာ တောထဲ တောင်တွေထဲ ပေါ့ဗျာ။ မိုးတွေက အခု ၂ ရက်ရှိပြီ ရွာနေတော့ မိုးကာပါတဲ့သူတွေကတော့ မိုးကာလှဲအုပ်ပြီး နေကြတယ်။ မိုးကာပါတဲ့သူဆီ စုပေါင်းနေကြတာပေါ့။ မပါတာတဲ့သူကတော့ မိုးစိုတဲ့အထဲနေရတာ၊ ကျနော်တို့ကတော့ အခုလိုလေး မိုးရွာနေတဲ့အချိန်ကတော့ ကျနော့်ကို အလှူရှင်တွေ တတ်နိုင်သလောက် ဆန်ပဲတတ်နိုင်တတ်နိုင်၊  မိုးကာပဲ တတ်နိုင်တတ်နိုင် အင်္ကျီအဝတ်အစား၊ စောင်တို့ အခုလောလောဆယ်လိုနေတာက အဲတာပါပဲ။” 

ကျီစုရွာက အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး တတိယအကြိမ်မြောက် မီးရှို့ခံရတာကြောင့်  အိမ်ခြေ ၉၀၀ ကျော် မီးလောင်ရှုံးဆုံးခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကျေးရွာ ၅ ရွာက ဒေသခံပေါင်း ၁၀၀၀၀ ကျော်က နီးစပ်ရာ ရွာတွေနဲ့ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်အထိကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းလှည့်နေပြီး ဒရုန်းနဲ့ စောင့်ကြည့်နေတဲ့အတွက် ရွာနားကိုတောင် မသွားနိုင်ကြောင်းနဲ့ ဒါကြောင့် စစ်ရှောင် မွတ်ဆလင်ဒေသခံတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်လို့  စစ်ရှောင်ကူညီကယ်ဆယ်နေသူက ပြောပါတယ်။

“စစ်ကြောင်းဝင်ပြီးတော့ မီးရှို့ခံရတာပေါ့ဗျာ စစ်ကြောင်းက ပတ်ထိုးနေတော့ နေလို့မရတော့ ပတ်ပြေးနေကြတာ။ ၃၀ ရက်နေ့က‌နေ ခုချိန်ထိပဲ၊ ရွာလုံးကျွတ်တွေကို ရွာထဲကို ကပ်လို့မရသေးဘူး။ ဒေသတွေ အကုန်လုံး ပေါင်းရင် တသောင်းကျော်တာပေါ့။ တသောင်းနဲ့ တသောင်းခွဲကြားပေါ့။ အခက်အခဲတွေကတော့ အများကြီး ရှိတာပေါ့။ အခုဆို မိုးကျတာ နှစ်ရက်ရှိပြီပေါ့ ညညဆို မိုးကျတာ၊ ဘာသာကွဲလည်းဖြစ်တော့ ညညဆို ရွာတွေထဲလည်းဝင်ဖို့ ခက်တော့ လမ်းနဘေး သစ်ပင်ရိပ်ကောင်းတာလေးတွေမှာနေကြတာပေါ့။ အခု မိုးကရွာတော့ အခက်အခဲတွေ ပိုဖြစ်တာပေါ့။ ကျနော်တို့ဒီနီးစပ်ရာရွာလေးတွေက ထမင်းထုပ်လေးတွေ တအိမ် တထုပ် တအိမ် နှစ်ထုပ်ဆိုတော့ တရွာကို ထမင်းထုပ် ၂၀၀ ရတာရှိတယ်။ ၃၀၀ ရတဲ့ရွာရှိတယ်ပေါ့၊ ၄၀၀ ရတဲ့ရွာတွေ ရှိတယ်။ နီးစပ်ရာရွာတွေက စုပေါင်းထုပ်ပြီးပို့နေကြတာပေါ့။ ဒါပေမဲ့ မွတ်ဆလင်တွေကျတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တာပေါ့။ ဘာသာမတူတော့ ကျနော်တို့ပို့တဲ့ဟာလည်း အဆင်မပြေတော့လေ။”

ကန့်ဘလူမြို့နယ်မှာ  အောက်တိုဘာ ၃၀ ရက်ကနေ  နိုဝင်ဘာ  ၄ ရက်အထိ ၆ ရက်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူပေါင်း ၁၂၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013