DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်အနီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
November 7, 2024
အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်အနီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လေယာဉ်ကွင်း ရပ်ကွက်နဲ့ မြို့ဟောင်းဈေးအနီးမှာ နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံထံက သိရပါတယ်။

စစ်ရေးနဲ့နီးစပ်သူတယောက်က “လေယာဉ်ကွင်း ရပ်ကွက်နားနဲ့ မြို့ဟောင်းဈေးနားမှာ စစ်ကောင်စီက မနက် ၈ နာရီကနေ ခုထိ တောက်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာ မြို့ခံလူတွေလည်း အရမ်းကြောက်နေကြတယ်။ မြို့ထဲမှာ လူသားဒိုင်းကာအနေနဲ့ အသုံးချပြီး လက်နက်ကြီးပစ်ခတ်နေတာ ဆိုတော့လေ” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ လူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာမရှိ မရှိ အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

နိုဝင်ဘာ ၆ ရက်ကလည်း အာရက္ခတပ်တော် (AA) က အမ်းမြို့ပေါ်က စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၁ ၊ လေကြောင်းကာကွယ်ရေးတပ်နဲ့  စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) ကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

အာရက္ခတပ်တော် (AA) က အမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်မှာ အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီရဲ့ လုံခြုံရေးယူထားတဲ့ ကင်းစခန်းနှစ်ခုကို တောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၃ ခုက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PAR- Magway) က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဒိုင်ကလေးကျေးရွာကို စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ အမြောက်အမြားသေဆုံးခဲ့တယ်လို့ စစ်ရေးနဲ့နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ကြတာ အဲဒီမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတာ ရွာသားတွေ အမြောက်အမြားသေဆုံးတာရှိတယ်၊ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ ဗုံးကြဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အမြောက်အမြား သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒိုင်ကလေးကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လေယာဉ်ကွင်းရပ်ကွက်အနီး အမ်းချောင်းရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိပါတယ်။

စက်တင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ အမ်းမြို့သိမ်းတိုက်ပွဲဟာ အခုရက်ပိုင်းမှာ အပြင်းထန်ဆုံး ဖြစ်နေပြီး AA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ အရပ်လေးမျက်နှာကနေ ပိတ်ဆို့ကာ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒါကြောင့် အမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ထွက်ပြေးနေကြရပြီး အများစုဟာ လက်နက်ချ အလင်းဝင်ဖို့ ပြောဆိုနေတာတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က စစ်မြေပြင်အင်ဂျင်နီယာတပ် (BE) ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်၊ တမိုင်ကုန်းစခန်း၊ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ၊ ခမရ ၃၇၃၊ ၃၇၂၊ ၃၇၁ တပ်ရင်း၊ ဆေးတပ်၊ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD)၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) စတဲ့ တပ်ရင်း၊ တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013