DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ယူမှုဖြစ်စဉ်များတွင် ၄၀ ကျော် သေဆုံးပြီး ၆၀ နီးပါး အဖမ်းခံရ
DVB
·
November 7, 2024
သန်းခေါင်စာရင်းကောက်ယူမှုဖြစ်စဉ်များတွင် ၄၀ ကျော် သေဆုံးပြီး ၆၀ နီးပါး အဖမ်းခံရ
Donate to DVB

နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမှုအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ အပြန်အလှန် ဖမ်းဆီးတာနဲ့ ပစ်ခတ်တာတွေကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ အဖမ်းခံရသူ ၆၀ နီးပါး ရှိပါတယ်။ 

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သန်းခေါင်စာရင်း ကောက်ယူရမှာ ပါဝင်သူတွေကို ဖမ်းဆီးတာ တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၃၆ ခုရှိခဲ့ပါတယ်။ 

အဲဒီထဲမှာ ရန်ကုန်အပါ ဟားခါးရဲစခန်းအနီး၊ ကသာမြို့နယ်၊ ရမည်သင်းမြို့နယ် သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တာ ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ ထင်ရှားပါတယ်။

တော်လှန်ရေး အင်အားစုတွေဘက်က သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်သူ အယောက် ၂၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တိုက်ခိုက်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူသူ အရပ်သား ၈ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲ ၅ ယောက်က  အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ကျန် ၃  ယောက်ကတော့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းတွေပဲ ဖြစ်ကြပါတယ်။ 

စစ်ကောင်စီတပ်သား ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရန်ကုန်က အုပ်ချုပ်ရေးမှူးရုံး ၅ ခု တိုက်ခိုက်ခံခဲ့ရပါတယ်။ အခုလို ဖြစ်စဉ်တွေထဲမှာ တနင်္သာရီတိုင်းက ဖြစ်စဉ် ၉ ခုနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ဖြစ်စဉ် ၇ ခု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ခဲ့ကြပါတယ်။

MSFC’s Anti-Sham Election Committee မှ ဒေါက်တာ သီရိမွန်ချမ်းက “စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအပေါ် မိမိတို့ရဲ့ သုံးသပ်ချက်က အတုအယောင်ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်အများစုထဲက တခုသာဖြစ်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးသွားတာတောင်မှ အတုအယောင်ရွေးကောက်ပွဲက တထစ်ချ အောင်မြင်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့ မိမိတို့အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ဆန့်ကျင်တိုက်ခိုက်သွားမှာ ဖြစ်သလို မိမိတို့ရဲ့ အဓိက ဆန့်ကျင်တိုက်ခိုက်မှု လုပ်ငန်းတွေဖြစ်ကြတဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ မဲဆွယ်မှုတွေ မလုပ်နိုင်ဖို့၊ နောက်ပြီးတော့ ပြည်သူတွေကို ဆန္ဒမဲ မပေးကြဖို့၊ မဲရုံတွေ၊ ရွေးကောက်ပွဲတွေ မလုပ်နိုင်ဖို့အတွက် ပထမဦးစားပေး အထူးအလေးထား လှုပ်ရှားမှုအဖြစ် ချမှတ်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ဧရိယာတွေမှာ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းဖို့ သန်းခေါင်စာရင်း ကောက်ယူမှု အချက်အလက်တွေကို အသုံးပြုတာမျိုး လုပ်မှာကို စိုးရိမ်မှုတွေ ရှိခဲ့ကြပြီး သန်းခေါင်စာရင်း ကောက်စဉ်ကာလအတွင်းမှာလည်း ဧည့်စာရင်းဝင်စစ်တဲ့ ပုံစံမျိုးနဲ့ ရန်ကုန်တက်ကြွလှုပ်ရှားသူ ၂ ယောက် အပါအဝင် ၁၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ 

ရန်ကုန်အပါအဝင် မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ သန်းခေါင်စာရင်းကောက်တုန်း လုံခြုံရေးတင်းကျပ်ပြီး အရပ်သားစုစုပေါင်း ၄၀ နီးပါးလောက် ဖမ်းဆီးခံခဲ့ရပါတယ်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာတော့ အောက်တိုဘာ ၁၃ ရက်က သန်းခေါင်စာရင်း လိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသားတယောက်က အစစ်အဆေးမခံဘဲ ထွက်ပြေးခဲ့လို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ 

အခုအချက်အလက်တွေကတော့ DVB ရဲ့ လေ့လာမှုအပေါ်မှာသာ အခြေခံထားတာဖြစ်ပြီး မြေပြင်နဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။

နိုင်ငံရေးအကဲခတ်တစ်ယောက်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရွေးကောက်ပွဲ လုပ်ပိုင်ခွင့်အာဏာမရှိဘူးလို့ ပြောပါတယ်။

“ဒီရွေးကောက်ပွဲက လုပ်မယ်ဆိုတဲ့ဟာက သူ့ကို ဘယ်သူက အာဏာပေးလို့လဲ။ သူ့ကို ဘယ်သူက အာဏာပေးလို့ ရလို့ သူက ရွေးကောက်ပွဲ လုပ်မှာလဲ။ ၂၀၀၈ ဥပဒေအရ သမ္မတကို ရာဇဝတ်မှုနဲ့ ဖမ်းချုပ်ပြီး ထောင်ချခွင့် မရှိဘူးလေ။ အဲ့ဒါကို သူက ထောင်ချတယ်။ ပြီးတော့ ၄၁၉ အာဏာဆိုတာ သမ္မတပေးမှ ရတာ။ အရေးပေါ်အခြေအနေဆိုတာ။ သမ္မတမရှိဘဲနဲ့ ဒုသမ္မတက ငါပေးတယ်ဆိုပြီး ပေးလို့ မရဘူးလေ။ အဲ့ဒါမို့ မင်းအောင်လှိုင်မှာ ရွေးကောက်ပွဲ လုပ်ပိုင်ခွင့် အာဏာမရှိဘူး။ ၄၁၉ အာဏာမရဘူး။ အဲ့ဒါကြောင့်မို့ မဲစာရင်းကောက်တယ် ဘာညာဆိုတာတွေကတော့ အလိမ်အညာတွေပါပဲ ဥပဒေနဲ့ မညီပါဘူး။”

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးတဲ့ သူတွေအတွက် အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ကောက်ခံသွားမယ်ဆိုပြီး ထပ်မံကြေညာခဲ့ပါတယ်။ 

စစ်ကောင်စီက ခန့်မှန်းတဲ့ အိမ်ထောင်စု ၁၃ သန်းနီးပါး လူဦးရေ ၅၆ သန်းကျော်ကို ကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ကျော်နဲ့ စာရင်းစစ် စာရင်းကောက် ၄၀၀၀၀ ကျော် အသုံးပြုပြီး တနိုင်ငံလုံးကောက်ယူသွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းဟာ မဲစာရင်းတိကျမှန်ကန်စေရေးအတွက် အသုံးဝင်နိုင်မယ်လို့လည်း ဆိုထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမယ်လို့ ပြောခဲ့တဲ့ကာလဟာ ကျော်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013