DVB Logo
Home
Lead Story
သန်းခေါင်စာရင်းရလဒ်တွေက ယုံကြည်စိတ်ချရလား၊၂၀၂၄ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက် ၅ ချက်
DVB
·
October 29, 2025
သန်းခေါင်စာရင်းရလဒ်တွေက ယုံကြည်စိတ်ချရလား၊၂၀၂၄ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက် ၅ ချက်
Donate to DVB

၁၀ နှစ်တကြိမ် ကောက်တဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့နဲ့ တချို့ဒေသတွေမှာတော့ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကောက်ယူခဲ့ပါတယ်။ တနှစ်ကျော်အကြာမှာတော့ ဒီသန်းခေါင်စာရင်းရဲ့ ပင်မအစီရင်ခံစာကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်လာပါတယ်။ သန်းခေါင်စာရင်းအစီရင်ခံစာထဲက ကောက်နှုတ်ချက် ၅ ချက်ကို ကြည့်ကြရအောင်ပါ။

သန်းခေါင်စာရင်းရဲ့ လွှမ်းခြုံနိုင်မှု

၂၀၂၄ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး အရင်ဆုံးသိရမှာက သန်းခေါင်စာရင်းရဲ့ လွှမ်းခြုံနိုင်မှု၊ တနည်းအားဖြင့် ယုံကြည်ကိုးစားနိုင်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မြို့နယ်က ထက်ဝက်တောင်မပြည့်ဘဲ ၁၅၂ မြို့နယ်ပဲ ရှိပါတယ်။ တစိတ်တပိုင်း ကောက်နိုင်တဲ့ မြို့နယ်က ၁၂၀ ရှိပြီး လုံးဝမကောက်နိုင်တဲ့ မြို့နယ်ကတော့ ၅၈ မြို့နယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုအစီရင်ခံစာနဲ့ အရင်ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးအစီရင်ခံစာရဲ့ နောက်ဆက်တွဲ ဇယားပါ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ အပြည့်အဝကောက်နိုင်တဲ့ မြို့နယ်က ၁၄၅ မြို့နယ်၊ တစိတ်တပိုင်းကောက်နိုင်တဲ့ မြို့နယ်က ၁၂၃ မြို့နယ်နဲ့ လုံးဝမကောက်နိုင်တဲ့ မြို့နယ်က ၆၂ မြို့နယ်ရှိနေတာ တွေ့ရပါတယ်။

ပြည်လုံးကျွတ် မကောက်ယူနိုင်တာကြောင့် လူဦးရေစာရင်းကို ထုတ်ပြန်ရာမှာ ခန့်မှန်းချက်တွေ ပါဝင်လာရပြီး လူဦးရေ သန်း ၂၀ နီးပါးဟာ ခန့်မှန်းလူဦးရေတွေ ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း မကောက်ယူနိုင်ခဲ့တဲ့ ဒေသတွေရှိတာကြောင့် ခန့်မှန်းတာအချို့ လုပ်ခဲ့ရပေမဲ့ အဲဒီပမာဏဟာ စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့တာပါ။ ဒါပေမဲ့ အခု အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြီး ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာတော့ စုစုပေါင်းလူဦးရေရဲ့ ၃ ပုံ ၁ ပုံကျော်ဟာ ခန့်မှန်းထားတာတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်လူဦးရေ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းဟာ ခန့်မှန်းထားရတာကြောင့် အချို့ အညွှန်းကိန်းတွေ တွက်ချက်လို့မရဘဲ လစ်ဟာမှုတွေ ဖြစ်နေတာတွေ့ရပါတယ်။


လူဦးရေပြောင်းလဲမှု

၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေဟာ ၅၁.၄ သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၁.၅ သန်းနီးပါးရှိတာကြောင့် လူဦးရေကျဆင်းမှုရှိနေတာကို အခုသန်းခေါင်စာရင်းက ညွှန်ပြနေပါတယ်။ မွေးဖွားမှု၊ သေဆုံးမှုနဲ့ ရွှေ့ပြောင်းမှုတွေက လူဦးရေတိုးနှုန်းကို အဓိကဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်ပြီး အခြားလူမှုစီးပွားအခြေအနေတွေကလည်း လူဦးရေပြောင်းလဲမှုကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ၂၀၂၄ သန်းခေါင်စာရင်းရဲ့ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မှုက အမှန်တယ်ရှိရမယ့် မြန်မာ့လူဦးရေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ 

လူဦးရေရဲ့ ကျား/မနဲ့ အသက်အုပ်စုအလိုက် ပျံ့နှံ့မှုကို မြင်သာအောင် လူဦးရေပိရမစ်နဲ့ ပုံဖော်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေပိရမစ်ဟာ အောက်ခြေမှာ ကျယ်ပြန့်စွာရှိနေပြီး အသက်ကြီးပိုင်း ရောက်လာတာနဲ့အမျှ တဖြည်းဖြည်း ကျဉ်းမြောင်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်ကနေ ၁၉ နှစ်အထိ လူဦးရေဟာ ကျား၊ မ နှစ်ခုလုံးမှာ အခြားအသက်အရွယ်တွေထက် များပြားနေတာကြောင့် မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် အရေအတွက် သိသိသာသာ များပြားတာကို ညွှန်ပြနေပါတယ်။ 

လျော့ကျလာတဲ့ကလေးမွေးနှုန်း

မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်းဟာ ၁.၈ ရှိနေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် အမျိုးသမီးတဦးဟာ ကလေး ၁.၈ ဦး မွေးနေတယ်လို့ ဆိုလိုတာပါ။ ဒီပမာဏဟာ ကလေး ၂ ဦးအောက် လျော့နည်းနေပြီး မိဘနေရာကို ပြန်လည်အစားထိုးနိုင်တဲ့ Replacement Level အောက်ကို နိမ့်ကျနေတာဖြစ်ပါတယ်။ လူဦးရေပညာရပ်မှာ Replacement Level အရ ကလေးမွေးဖွားနှုန်းကို ၂.၁ အဖြစ်သတ်မှတ်ပြီး မိဘ ၂ ပါးနေရာကို ပြန်လည်အစားထိုးနိုင်ဖို့ဆိုရင် အမျိုးသမီးတဦးဟာ ပျမ်းမျှအားဖြင့် ကလေး ၂ ဦးကျော်မွေးဖွားဖို့ လိုတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ရခိုင်ပြည်နယ်ဟာ ၂.၈ ဦးနဲ့ ကလေးမွေးနှုန်းအမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဟာ ၁.၅ ဦးနဲ့ အနိမ့်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အကြား မိန်းကလေးတွေရဲ့ ဆယ်ကျော်သယ်အရွယ် ကလေးမွေးနှုန်းလည်း ၂၀၁၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၄ ခုနှစ်မှာ သိသိသာသာလျော့နည်းလာတာ တွေ့ရပါတယ်။

ကလေးသေဆုံးနှုန်းနဲ့မျှော်မှန်းသက်တမ်း

မြန်မာနိုင်ငံမှာ အရှင်မွေးလာတဲ့ ကလေး ၁,၀၀၀ မှာ ၃၂ ဦးကျော်က အသက် ၁ နှစ်မပြည့်ခင်မှာတင် သေဆုံးနေပြီး ကလေး အယောက် ၄၀ နီးပါးကတော့ အသက် ၅ နှစ်မပြည့်ခင်မှာ သေဆုံးနေတယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ ကလေးသေဆုံးနှုန်း အများဆုံးရှိနေတယ်လို့ သန်းခေါင်စာရင်းအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၅ နှစ်ကျော် အသက်ရှည်ကြပြီး အမျိုးသမီးတွေရဲ့ မျှော်မှန်းသက်တမ်းဟာ ၇၂ နှစ်ဖြစ်နေချိန်မှာ အမျိုးသားတွေကတော့ ၆၆.၅ နှစ်ပဲရှိတာ တွေ့ရပါတယ်။

လူငယ်အလုံးအရင်းပြည်ပကိုထွက်ခွာမှု

မြန်မာကနေ ပြည်ပကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ၃ ပုံ ၂ ပုံနီးပါးဟာ အသက် ၂၀ ကနေ ၃၄ နှစ်ကြား လူငယ်တွေ ဖြစ်ကြပြီး ကျွမ်းကျင်မှုအဆင့် နည်းပါးတဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်းရလဒ်အရ ပြည်ပကို ရောက်ရှိနေသူ ၁ သန်းကျော်ရှိနေပြီး အဲဒီထဲက ၁၀ ဦးမှာ ၇ ဦးခန့်က ထိုင်းကိုရောက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သန်းခေါင်စာရင်းက ရလာတဲ့ ပြည်ပရွှေ့ပြောင်းမှုကိန်းဂဏန်းတွေဟာ အမှန်တကယ်ရှိသင့်တဲ့ တန်ဖိုးထက် နည်းနေနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဝန်ခံထားပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရလဒ်တွေကိုပဲ ခြုံငြုံသုံးသပ်ကြည့်မယ်ဆိုရင် မြန်မာဟာ မွေးဖွားမှုကျဆင်းမှုနဲ့အတူ လူဦးရေလည်း လျော့ကျလာနေတာကို တွေ့နိုင်ပါတယ်။ ကလေးသေဆုံးနှုန်းအနေနဲ့ ၂၀၁၄ ခုနှစ်နဲ့ ယှဉ်ရင် ၂၀၂၄ မှာ လျော့ကျသွားပေမဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ အသက် ၁ နှစ်အောက်ကလေးသေဆုံးနှုန်းမှာ မြန်မာဟာ ဒုတိယအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါသေးတယ်။ မျှော်မှန်းသက်တမ်းဆိုလည်း ထို့နည်းတူပဲ နောက်မှာ လာအိုနိုင်ငံပဲ ကျန်ပါတော့တယ်။ ဒါ့အပြင် လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း ပိုများတဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာကိုလည်း သန်းခေါင်စာရင်းရလဒ်တွေက ညွှန်ပြနေပါတယ်။

သန်းခေါင်စာရင်းဟာ နိုင်ငံရဲ့အခြေအနေကို ထင်ဟပ်ဖော်ပြနိုင်တာကြောင့် နိုင်ငံရဲ့ ကြေးမုံပြင်လို့ တင်‌စားလေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ အချက်အလက်တွေဟာ ခိုင်မာပြီး အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချရတယ်လို့ အစီရင်ခံစာထဲမှာ ဆိုထားပေမဲ့ အများစုကို ခန့်မှန်းတွက်ချက်ထားရတာကြောင့် အတိအကျ အသုံးပြုတာထက် အညွှန်းသဘောသာ သုံးသင့်တယ်လို့လည်း အကြံပြုထားပြန်ပါတယ်။ ဒါ့အပြင် ဒေသတခုနဲ့ တခုကြား၊ သန်းခေါင်စာရင်း တခုနဲ့ တခုအကြား နှိုင်းယှဉ်ရာမှာလည်း အထူးသတိထားသင့်ပြီး အခြားအချက်အလက်တွေနဲ့ ပေါင်းစပ်ပြီးမှသာ သုံးသင့်တယ်လို့ ဆိုထားပါတယ်။ 

တစိတ်တဒေသသာကောက်တဲ့ စစ်တမ်းတွေနဲ့မတူဘဲ ပြည်လုံးကျွတ်ကောက်ယူတဲ့ သန်းခေါင်စာရင်းရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ထူးခြားချက်ကတော့ သန်းခေါင်စာရင်းဟာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်အထိ အချက်အလက်တွေကို မူဝါဒချမှတ်တဲ့သူတွေ၊ အသုံးပြုသူတွေကို ပံ့ပိုးပေးနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြီး ကောက်တဲ့ သန်းခေါင်စာရင်းမှာတော့ ကျေးရွာအဆင့်ထိ အချက်အလက်တွေ သုံးနိုင်ဖို့မဆိုထားနဲ့ မြို့နယ်ဆိုင်ရာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ အနေအထားတောင် မရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ရလဒ်တွေကို  နိုင်ငံအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် မူဝါဒချမှတ်ရာမှာသာ သုံးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဦးဆောင်ကောက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ နိုင်ငံတကာအကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုးကောက်ခဲ့တယ်လို့ လေလုံးကြွားထားပြီး မြန်မာငွေ ၅၆ ဘီလျံကျော် အကုန်အကျခံပြီး ကောက်ထားတာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013