
ဆွစ်ဇာလန်နိုင်ငံမှာ လူဦးရေကို ၁၀ သန်းအထိသာ ကန့်သတ်ထားဖို့ အဆိုပြုချက်ကို မဲဆန္ဒရှင် ၅၅ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့တဲ့အတွက် အတည်မဖြစ်ခဲ့ပါဘူး။
ဒီအဆိုပြုချက်ကို ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး လှုပ်ရှားတဲ့ လက်ယာယိမ်း ဆွစ်ပြည်သူ့ပါတီက တင်သွင်းခဲ့တာပါ။
ဒီဥပဒေသာ အတည်ဖြစ်သွားရင် ဥရောပသမဂ္ဂ (EU) နဲ့ ချုပ်ဆိုထားတဲ့ လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက် ပျက်ပြယ်သွားနိုင်ပါတယ်။
ဒါကြောင့် အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အဓိက နိုင်ငံရေးပါတီကြီးတွေက ဒီအဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြတာပါ။
ဒီလို ပယ်ချလိုက်တာဟာ “တည်ငြိမ်မှု၊ ပွင့်လင်းမှုနဲ့ ယုံကြည်စိတ်ချရမှုရဲ့ သင်္ကေတတခု” ဖြစ်တယ်လို့ ဆွစ်ဇာလန် တရားရေးဝန်ကြီး ဘေးအာ့တ် ယန်းစ်က ပြောပါတယ်။
ဆွစ်ဇာလန် လူဦးရေဟာ ၂၀၀၂ ခုနှစ်ကစပြီး အလျင်အမြန် တိုးလာခဲ့ရာမှာ အခုဆိုရင် ၉ ဒသမ ၁ သန်း ရှိနေပါပြီ။ အဲဒီအထဲက ၂၇ ရာခိုင်နှုန်းဟာ ဆွစ်ဇာလန်နိုင်ငံသားတွေ မဟုတ်ကြပါဘူး။
လူဦးရေသာ ကန့်သတ်လိုက်ရင် ခရီးသွားလုပ်ငန်းနဲ့ ဆေးရုံတွေအတွက် လိုအပ်နေတဲ့ လုပ်သားတွေ ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် ကလည်း “ဆွစ်ဇာလန်ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ပြလိုက်ပြီဖြစ်ပြီး အီးယူနဲ့ ဆွစ်ဇာလန်ကြားမှာ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ရှိပါတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ပြည်သူတွေက အဖြေရှာဖို့ လိုလားနေပြီး လက်ရှိမှာ “ပြဿနာတခုမှ ပြေလည်မသွားသေးဘူး” လို့ ဆွစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ မာဆယ် ဒက်တ်လင်းက ပြောပါတယ်။










