
ကာဒစ်ရှ် လိုလားတဲ့ DEM ပါတီက မြို့တော်ဝန် ၃ ယောက်ကို သူတို့ရာထူးကနေ ထုတ်ပယ်လိုက်လို့ ကန့်ကွက်တဲ့အနေနဲ့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ နိုဝင်ဘာ ၆ ရက်က တတိယမြောက်နေ့အဖြစ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
မြို့တော်ဝန် ဂူလစ္စတန် ဆိုနွတ်ခ် ရှိရာ ဘတ်မဲန်းမြို့ရဲ့ လမ်းဆုံ အဝိုင်းကြီးတခုမှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး လူတချို့က ရဲကားတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ လူအုပ်ကို လူစုခွဲဖို့ ရဲတွေက ရေအမြောက်တွေကို သုံးခဲ့ပြီး ဆန္ဒပြလူအုပ်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
မာဒင်၊ ဘတ်မဲန်းနဲ့ ဟာဖဲ့တီမြို့တွေက မြို့တော်ဝန်တွေကို အစိုးရက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အစားထိုးခဲ့တယ်လို့ တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ တရားမဝင်ကြောင်း ကြေညာထားပြီးသား ကာဒစ္စတန် လုပ်သားပါတီ PKK ကို ထောက်ခံသူတွေကို ပစ်မှတ်ထားတာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
မြို့တော်ဝန်တွေကတော့ စွဲချက်ကို ငြင်းပါတယ်။ ဒီလုပ်ရပ်ဟာ ကာဒစ်ရှ် နိုင်ငံရေးသမားတွေကို ဖြိုခွင်းတဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်အမှတ်ရစေတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: Reuters