DVB Logo
Home
Lead Story
တကျော့ပြန် သမ္မတ ဒေါ်နယ်ထရမ့်ပ်
DVB
·
November 7, 2024
တကျော့ပြန် သမ္မတ ဒေါ်နယ်ထရမ့်ပ်
Donate to DVB

ဒေါ်နယ်ထရမ့်ပ်သည် ၄၇ ဦး‌မြောက် အမေရိကန်သမ္မတအဖြစ် အရွေးချယ်ခံရရုံမက ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီသည်လည်း အထက်လွှတ်တော် ဆီးနိတ်တွင် လူများစု ပါတီအဖြစ် တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

အမေရိကန် သမ္မတများထဲတွင် အသက်ကြီးဆုံး သမ္မတလည်း ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထရမ့်ပ်က ကြားရသူအပေါင်း မျက်လုံးများ ပြူးကျယ်သွားသည်အထိ တရားမဝင် ရောက်ရှိနေသူများကို သန်းနှင့်ချီ၍ နှင်ထုတ်ပစ်မည်၊ မက္ကဆီကိုရှိ မူးယစ်ရာဇာဂိုဏ်းများကို ဒုံးကျည်များနှင့် ပစ်ခတ်ဖြိုခွင်းမည်၊ ဒီမိုကရက်ပါတီအတွင်းရှိ ‘လက်ဝဲစွန်း’ ရူးနှမ်းနေသူများအား စစ်တပ်ကို သုံး၍ နှိမ်နှင်းပစ်မည် အစရှိသည်တို့ ပြောဆိုလာခဲ့သည်။

၎င်း၏ ယခင်သက်တမ်းအတွင်း စီးပွားရေးသည် ကိုဗစ် မဖြစ်ခင်အထိ  ညင်ညင်သာသာနှင့် တိုးတက်မှု ရှိလာခဲ့သည်၊ နိုင်ငံခြားရေးမူဝါဒတွင်လည်း အကျပ်အတည်းဟူ၍ ကြီးကြီးမားမား မရှိခဲ့။ ၂၀၂၀ ရွေးကောက်ပွဲကို ခိုးယူရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့။ ထို့အတွက် အမှုပေါင်း များစွာ ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲတွင် အရေးနိမ့်သွားမည်ဆိုက ထောင်နန်းစံရကိန်းနှင့် ကြုံရဖွယ် ရှိ‌နေသည်။

ယခု ဒုတိယ သက်တမ်းအတွင်း မည်သို့ ဖြစ်လာနိုင်ခြေ ရှိနေသနည်း၊ မဲဆန္ဒရှင် အများစုကတော့ မဲဆွယ်ကာလ ၎င်းပြောခဲ့သည်များကို အရေးတယူလုပ် စဉ်းစားခဲ့ကြခြင်း မရှိ၊ စကားအဖြစ် ပြောသည်ဟူ၍သာ သဘောထားခဲ့ကြသည်။ မည်သည့် သမ္မတလောင်းက စီးပွားရေးကို အတိမ်းအစောင်း မရှိဘဲ ပို၍ ကောင်းမွန်လာ‌အောင် စီမံခန့်ခွဲ နိုင်မည်နည်း၊ ကိုယ်ဝန်ဖျက်ချရေးနှင့် လူဝင်မှု ပိုင်းတွင် ၎င်းတို့ သဘောထားကို မည်မျှ အထိ ထင်ဟပ်နိုင်မည်နည်း ဆိုသည်များကိုသာ အလေးထား စဉ်းစားခဲ့ကြသည်။

ထရမ့်ပ်ကလည်း ၎င်းပြောသမျှ အကုန် လိုက်လုပ်မည် မဟုတ်သော်လည်း ယခင် သက်တမ်းထက် ပို၍ ကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစားလာမည်သာ ဖြစ်သည်။ ထိုအခါတွင် မည်မျှထိ ဆိုးဆိုးဝါးဝါး မှားယွင်းသွား နိုင်သည်ကို ထည့်သွင်းစဉ်းစားရဖို့ ဖြစ်လာသည်။

ကမ်မလာ ဟားရစ်သည် “နောက်ကြောင်းပြန်မလှည့်” ဟု ကြွေးကြော်ခဲ့သော်လည်း ထရမ့်ပ်ကတော့ အပြောင်းအလဲများ ကြီးကြီးမားမားလုပ်ဖို့ လိုအပ်နေသည်ဟု ပြောထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဇန်နဝါရီလ အိမ်ဖြူတော်သို့ ရောက်လာသည့်အခါတွင်တော့ ၎င်း လုပ်ချင်သလို လုပ်နိုင်ဖို့ အခြေအနေမပေးသည်ကို တွေ့လာရမည် ဖြစ်သည်။ အောက်လွှတ်တော်၊ တရားရုံးများ၊ ဗျူရိုကရေစီ ကြိုးနီစနစ်များ၊ အကြံပေးများနှင့် ၎င်းကိုယ်တိုင် အစွမ်းအစမရှိမှုများ၏ ဟန့်တားခြင်း ခံရပေတော့မည်။

၎င်း ပြောသည့်အထဲမှ အချို့ကို  လုပ်နိုင်ခဲ့မည်ဆိုလျှင်ပင် အမေရိကန်၏ စီးပွားရေး၊ အင်စတီကျူးရှင်းများသာမက တကမ္ဘာလုံးအတွက်ပါ ဆိုးရွားသော အကျိုးဆက်များ ထွက်ပေါ်လာပေလိမ့်မည်။ အမေရိကန် ဒီမိုကရေစီသည် ရေစုန်မျောသွားတော့မည် ဆိုသည်နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားလိမ့်မည်ဆိုသော စိုးရိမ်ထိတ်လန့်မှုများသည်  အကျိုးအကြောင်း မဆီလျော်ဟု ပြော၍ မရတော့။

ထရမ့်ပ်ဝါဒ သည် ၂၀၁၇ တုန်းကကဲ့သို့ မဟုတ်တော့ဘဲ ပို၍ အခြေခိုင်လာနေပြီ ဖြစ်သည်။ ထရမ့်ပ်သည် ၎င်း၏ အစိုးရအဖွဲ့အား ယခင်ကနှင့် မတူ တမူထူးခြားလာအောင် လူသစ်များ၊ ၎င်းနှင့် သဘောကွဲလွဲလျှင်ပင် အတွေ့အကြုံရှိသူများ ဖြစ်က ထည့်သွင်းလာတော့မည် ဖြစ်သည်။ ထိုလူများကလည်း စိတ်ကူးစိတ်သန်း အသစ်အဆန်းများနှင့် အိမ်ဖြူတော်သို့ ရောက်လာကြပေလိမ့်မည်။ ထရမ့်ပ်အတွက် စာမျက်နှာ ၉၀၀ ပါ Project 2025 ကိုပင် Heritage Foundation က အဆင်သင့် ရွေးဆွဲထားခဲ့ပြီး ဖြစ်သည်။

ကုန်သွယ်ခွန်များ တိုးမြှင့်ပြီး ဝင်ငွေခွန်ကို အကြီးအကျယ် ဖြတ်တောက်ပေးမည်၊ တရားမဝင် လုပ်ကိုင်သူများအား နှင်ထုတ်မည်၊ ဗဟိုဘဏ်၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ပစ်မည်ဟု မဲဆွယ်ကာလအတွင်း ပြောခဲ့ပြီး ဖြစ်သည်။

အလုပ်သမားများ နှင်ထုတ်မည်ဆိုက ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရဖို့ ရှိနေသည်။ ထိုသို့ မလုပ်က ငွေကြေးဖောင်းပွလာမည် ဖြစ်သည်။ ထရမ့်ပ်သည် ကုန်သွယ်ခွန်ကို ၂၀ ရာနှုန်း မြှင့်တင်ပြီး တရုတ်ပြည်မှ သွင်းကုန်များကို ၆၀ ရာနှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ဆိုသည်။ အခြားနိုင်ငံများက အလားတူ လက်တုံ့ပြန်မည်ဆိုလျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးသွားနိုင်ပေသည်။ ငွေတိုက်စာချုပ် ဈေးကွက်သည်လည်း ကပြောင်းကပြန် ဖြစ်သွားနိုင်သည်။ ၎င်းပြောသလို တရားမဝင်သူများ သန်းနှင့်ချီပြီး နှင်ထုတ်ဖို့ဆိုသည်က ပထမဦးဆုံး လိုက်လံရှာဖွေဖော်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဖို့ အစိုးရအနေနှင့် လူအား ငွေအား စိုက်ထုတ်နိုင်စွမ်းရှိမည် မဟုတ်ပေ။ လူထုအကြားလည်း အုတ်အော်သောင်းနင်း ဖြစ်လာပေလိမ့်မည်။

နိုင်ငံခြားရေး မူဝါဒပိုင်းတွင် စိုးရိမ်ဖွယ်ရာ အန္တရာယ်များ ရှိလာနိုင်သည်။ ထရမ့်ပ်သည် နိုင်ငံခြားရေးပိုင်းတွင် မူဝါဒနှင့်မဆိုင်ဘဲ ၎င်း၏ အရည်အသွေးဖြင့် အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ယူဆနေသည်။ ယခုအခါ ဥရောပရှိ မဟာမိတ်များသည်လည်း မည်သို့မည်ပုံ ပြင်ဆင်ကြရတော့မည်ကို ခေါင်းချင်းရိုက် ကျိတ်ဝိုင်းဖွဲ့နေလောက်ပြီ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာကြီးသည် ၎င်း၏ပထမသက်တမ်းကဲ့သို့ ငြိမ်သက်မနေတော့ဘဲ ယူကရိန်းစစ်၊ အရှေ့အလယ်ပိုင်း စစ်ပွဲများနှင့် ပွက်လောရိုက်နေချိန်လည်း ဖြစ်သည်။

ယူကရိန်းစစ်အား ၎င်းသမ္မတအဖြစ် အရွေးခံရပြီး ၂၄ နာရီအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု ထရမ့်ပ်က ပြောခဲ့ပြီး ဖြစ်သည်။ ၎င်းကျမ်းသစ္စာမကျိန်ဆိုရသေးမီမှာပင် အဆုံးသတ်သွားမည်ဟုပင် ကြိမ်းဝါးခဲ့သည်။ မည်သို့သော အဓိပ္ပာယ်နှင့် ပြောသည်ကို ခန့်မှန်းရခက်နေကြသည်။ ဒုတိယ သမ္မတလောင်း ဂျေဒီဗန့်စ်ကမူ ယူကရိန်းအားပေးသည့် ငွေများသည် အလဟသ ကုန်နေသည်ဟု ‌ဆိုသည်။ ရီပတ်ဘလစ်ကင် ကြီးစိုးတော့မည့် ဆီးနိတ်သည်လည်း ယူကရိန်းအား ထောက်ပံ့နေမှုများကို ဆန့်ကျင်ကြတော့မည် ဖြစ်သည်။

ယူကရိန်းအဖို့ ရုရှားတို့ လက်ရှိ သိမ်းပိုက်ထားသော နယ်မြေများ ပြန်ရဖို့ ရည်မှန်းချက်များကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။ ရုရှားသည် လက်ရဲဇက်ရဲ နိုင်လာပြီး နေတိုး အဖွဲ့ဝင် နိုင်ငံတနိုင်ငံကို ကျူးကျော်လာမည်ဆိုက စာချုပ်အတိုင်း အမေရိကန်က အကာအကွယ်ပေးမည်လား ဆိုသည်က မရေမရာ ဖြစ်လာနေသည်။ တိုင်ဝမ်ကို တရုတ်တို့ ပိတ်ဆို့လာမည် ဆိုလျှင်လည်း ‌ထရမ့်ပ်က တပ်များ စေလွှတ်ရန် သဘောတူမည်လော၊ အရှေ့အလယ်ပိုင်းတွင်လည်း အစ္စရေးကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးလာမည်လော။ အစ္စရေးသည် အီရန်၏ ရေနံချက် စက်ရုံများနှင့် နျူကလီးယား အဆောက်အအုံများကိုပါ တိုက်ခိုက်လာနိုင်သည်။ ထရမ့်ပ်၏ ပင်ကိုစိတ်က စစ်ကို ရွံရှာ မုန်းတီးသော်လည်း ၎င်းအား ပျော့ညံ့သူဟု မြင်မည်ကိုမူ မလိုလားသူ ဖြစ်သည်။

ခြုံငုံသုံးသပ်ရမည် ‌ဆိုက အ‌မေရိကန် အင်စတီကျူးရှင်းများ၊ တရားရုံးများက ထရမ့်ပ်၏ အာဏာရှင်ဆန်လိုမှုကို နိုင်အောင် ထိန်းထားနိုင်ဖို့ လိုအပ်နေသည်။ ထရမ့်ပ်သည် တတိယသက်တမ်း ဆက်လုပ်နိုင်ဖို့ပင် ကြိုးစားလာနိုင်ခြေ ရှိနေသည်။ ၎င်းအား တရားစွဲထားမှုများ အကောင်အထည်ပေါ်မလာနိုင်ရေးအတွက် ရီပတ်ဘလစ်ကင်ပါတီမှ သင်းကွဲများ ထွက်မလာအောင် အခိုင်အမာ ထိန်းချုပ်လာမည် ဖြစ်သည်။

၎င်းအား တရားစွဲဆိုထားမှုများကို သေချာပေါက် ပယ်ဖျက်ဖို့ လုပ်လာမည် ဖြစ်ပြီး လွှတ်တော် ဝင်စီးသူများအားလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလာဖွယ် ရှိနေသည်။ တရားရေး ဝန်ကြီးဌာန၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်များကို အဆုံးသတ်ပစ်မည်ဟု ကတိပေး ပြောဆိုထားပြီး ဖြစ်သည်။ သို့မှသာ ၎င်း၏ နိုင်ငံရေး ရန်သူများကို သဘောကျ စုံစမ်းစစ်ဆေး နိုင်မည် ဖြစ်သည်။

ဘိုင်ဒင်၏ သမ္မတသက်တမ်းအတွင်း နိုင်ငံခြားရေး မူဝါဒပိုင်း ပျက်ကွက်မှုများသည် ထရမ့်ပ်လက်ထက်နှင့်စာလျှင် အပုံကြီး ဆိုးဝါးခဲ့သည်ဟု ယူဆမှုများလည်း ရှိနေသည်။ ထရမ့်ပ်သည် ဘိုင်ဒင်ထက်စာလျှင် စီးပွားရေးကို ပို၍ ကျွမ်းကျင်နိုင်နင်းစွာ ကိုင်တွယ်နိုင်သည်ဟူသော အပြောများလည်း ရှိနေသည်။

ထိုသို့သော အယူအဆများဖြင့် ထရမ့်ပ်ကို မဲပေးခဲ့ခြင်းကြောင့် အမေရိကားနှင့် ကမ္ဘာကြီးကို အစွန်းတဖက်သို့ တွန်းပို့တော့မည့် အန္တရာယ်ကြီးနှင့် ကြုံလာရဖွယ် ရှိနေသည်။ ပထမ သက်တမ်းထက် ပို၍ ဆိုးမလာအောင်သာ ဆုတောင်းရတော့မည် ဖြစ်သည်။

လှစိုးဝေ

(အီကော်နောမစ် မဂ္ဂဇင်း ဆောင်းပါးများအား ကိုးကားတင်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013