DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်နှင့် လက်တွဲဆောင်ရွက်ရန် ဥရောပ ခေါင်းဆောင်များ ကတိပြု
DVB
·
November 7, 2024
ဒေါ်နယ်ထရမ့်ပ်နှင့် လက်တွဲဆောင်ရွက်ရန် ဥရောပ ခေါင်းဆောင်များ ကတိပြု
Donate to DVB

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘစ်ကန် သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ပ် အောင်ပွဲရကြောင်း ကြေညာပြီးတဲ့နောက် ဥရောပခေါင်းဆောင်တွေက ထရမ့်ပ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ် ပြုလိုက်ကြပါတယ်။

နေတိုး မဟာမိတ်အဖွဲ့ဟာ အမေရိကန်အကျိုးစီးပွား တိုးတက်စေဖို့၊ အမေရိကန်အာဏာကို တိုးပွားစေပြီး အမေရိကန်ပြည်သူတွေ လုံခြုံစေဖို့ ကူညီခဲ့ဖူးတာကို သတိရစေပြီး ထရမ့်ပ်နဲ့ ထပ်မံလက်တွဲဖို့ မျှော်လင့်တယ်လို့ နယ်သာလန်ဝန်ကြီးချုပ်ဟောင်းနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက “ခင်ဗျားနဲ့ ကျနော်တို့ရဲ့ ခံယူချက်၊ လေးစားမှုနဲ့ ရည်မှန်းချက်၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်တို့အတွက် ကျနော်တို့ လေးနှစ်တာ လုပ်ခဲ့ဖူးတဲ့အတိုင်း အတူတကွ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

ဂျာမနီအစိုးရရဲ့ အတ္တလန္တိတ် ဖြတ်ကျော်ညှိနှိုင်းရေးမှူး မိုက်ကယ်လင့်ခ်က “ထရမ့်ပ် ပြန်ရွေးကောက်ခံရလို့ အီးယူနဲ့ နေတိုးရဲ့ ဥရောပမဏ္ဍိုင် နှစ်ခုလုံးကို အားကောင်းစေပြီး ကွဲလွဲမှုတွေကို ရှောင်ရှားရမယ်။ ထရမ့်ပ်နဲ့ ပူတင် ဘာလုပ်မယ် ဆိုတာကို ကျနော်တို့ စောင့်ဆိုင်းနေရုံနဲ့ မရပါဘူး။ ကျနော်တို့ ပိုသန်မာလာရမယ်။ ယူကရိန်းမှာ ရုရှားက အနိုင်ရရင် တရုတ်လည်း နိုင်လိမ့်မယ်”လို့  ဂျာမန်ရေဒီယိုမှာ ပြောပါတယ်။ 

ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ ဂျာမနီကာကွယ်ရေးဝန်ကြီးဟောင်း အာဆူလာ ဗွန်ဒါ လေယန်က နိုင်ငံသားတွေအတွက် ဆက်ပေးအပ်မယ့် အတ္တလန္တိတ်တခွင် ပူးပေါင်းဆောင်ရွက်မှုမှာ အတူတကွ လုပ်ဆောင်ဖို့ ထရမ့်ပ်ကို တိုက်တွန်းခဲ့ပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အလုပ်အကိုင် သန်းပေါင်းများစွာနဲ့ ဘီလီယံပေါင်းများစွာဟာ အီးယူ-အမေရိကန် စီးပွားရေး ဆက်ဆံမှုအပေါ်  မူတည်တယ်လို့ ပြောပါတယ်။

ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံတွေက ခေါင်းဆောင်တွေကြားမှာ ထရမ့်ပ်နဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ အီတလီရဲ့ လက်ယာယိမ်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မေလိုနီက ထရမ့်ပ်အတွက် သူ့ရဲ့ ‘စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုလွှာ’ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ အီတလီနဲ့ အမေရိကန်တို့မှာ မဟာဗျူဟာကျတဲ့ နှောင်ကြိုးရှိပြီး အခုပို ခိုင်မာလာမယ်လို့ ယုံကြည်တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ 

အီးယူရဲ့ အထင်ရှားဆုံး လစ်ဘရယ် ဆန်တဲ့ ခေါင်းဆောင်နဲ့ ထရမ့်ပ်ကို ထောက်ခံသူ ဟန်ဂေရီ ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်က “အမေရိကန် နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံး တကျော့ပြန် ဖြစ်ရပ်ပါပဲ။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကြီးမားတဲ့ အနိုင်ရမှုအတွက် ဂုဏ်ယူပါတယ်။ ကမ္ဘာအတွက် အလွန်လိုအပ်နေတဲ့ အောင်ပွဲပါပဲ” လို့ ပြောပါတယ်။

ထရမ့်ပ်ကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့ ဆွေးနွေးပွဲတွေဟာ ဘူဒါပတ်စ်မြို့မှာ ကြာသပတေးနေ့မှာ စတင်ကျင်းပမယ့် EU ခေါင်းဆောင် ၂၇ ယောက်ရဲ့ ထိပ်သီးအစည်းအဝေးကို လွှမ်းမိုးနေမှာလည်း ဖြစ်ပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013