
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ စစ်ကောင်စီ နဲ့ PNO ပအိုဝ်းပြည်သူ့ စစ်ပူး ပေါင်းအဖွဲ့နဲ့ KNDF ကရင်နီတပ်ဖွဲ့၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာထဲက နေအိမ်တွေလည်း မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်လောင်းမြို့နယ် ဗန်းမောက်၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ နမ့်ဖာမူ စတဲ့ ရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာ တလကျော်ပြီဖြစ်ပြီး ရွာသားပေါင်းထောင်ချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်အထိ သူတို့ ရွာဘက်မှာ မီးခိုးတွေထွက်နေတာကို အဝေးက လှမ်းမြင်နေရတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“မီးရှို့ခံရတာ ကျမတို့ဇာတိ လွိုင်ကျိုင်းရွာလည်းပါတယ်၊ ထွက်ပြေးလာတဲ့ အဖေ အမေတို့ပြန်ပြောပြတာ။ ပြီးတော့ ဟိုဖိုင်၊ ခိုလမ်၊ နမ့်ဖာမူ၊ ဟိုဝိုး၊ ဆင်တောင်ရွာဘက်မှာလည်း အိမ်တွေမီးရှို့ခံရတယ်။ အစက PDF တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်လာပြီး အစားအသောက်နဲ့ ပစ္စည်းတွေလာဝယ်တယ်၊ ပြီးတော့ သူတို့ပြန်ထွက်သွားတယ်။ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေရောက်လာတော့ PDF တွေလက်ခံတဲ့ရွာဆိုပြီး မီးရှို့တာလို့ ပြောတယ်။ အိမ်ဘယ်နှလုံးပါသွားလဲ၊ ဘယ်သူ့အိမ်တွေလဲဆိုတာတော့ မသိဘူး၊ သူတို့ နေ့တိုင်းရှို့တယ်။ တနေ့ ၄- ၅ အိမ်လောက်ရှို့တယ်လို့ ကြားတယ်ရှင့်။ ပြန်သွားကြည့်လို့ မရသေးပါဘူး၊ ကိုယ့်ရွာမီး လောင်နေတာကို အဝေးကနေပဲ ကြည့်နေရတာပါ။”
အခုလို တိုက်ပွဲဖြစ်နေတာကြောင့် ရွာသားတွေဟာ လွိုင်ပေါင်း၊ နားကုန်း၊ နားဟီး၊ လွိုင်ဟိုတိန်း၊ တောင်ပို့၊ ပေါများ၊ နမ့်ပန် စတဲ့ အင်းလေးကန်အစပ်နားက ရွာတွေဆီ သွားပြီး ခိုလှုံနေရတယ်၊ တချို့လည်း အမျိုးတွေရှိတဲ့ တီကျစ်၊ ပင်လောင်း၊ ရွှေညောင်ဘက်ကို ရှောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ရွာသားအရေအတွက်မှာ ထောင်နဲ့ချီရှိနိုင်ကြောင်း လွိုင်ကျိုင်း၊ လင်ခန်၊ ဟိုဝိုး၊ နမ့်ဖာမူ စတဲ့ရွာတွေဟာ အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာကြီးတွေဖြစ်ပြီး ရှမ်း နဲ့ ကယန်း လူမျိုးတွေ အများဆုံးနေထိုင်တယ်၊ စစ်ပြေးရှောင်နေခိုက် သူ့တို့ဆီကပါသွားတဲ့ ရိက္ခာတွေကုန်တော့ ရွာခံတွေက သူတို့ကိုကျွေးထားတယ၊ လောလောဆယ် နေဖို့စားဖို့ရှိပေမဲ့ အခုချိန်ဟာ စပါးရိတ်ချိန်တိုင်ပြီမို့ စပါးတွေပြန်မရိတ်နိုင်မှာလည်း စိုးရိမ်တယ်၊ စစ်ကောင်စီက စက်နဲ့စပါး တွေ ရိတ်သိမ်းပြီး ပင်လောင်းဘက်သယ်သွားတယ်လို့ သတင်းတွေလည်းထွကနေတာကြောင့် မိမိလယ်ฺယာတွေအတွက် အလွန်စိုးရိမ်ကြောင့်ကြနေရတယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ပင်လောင်းမြို့နယ်ထဲ ဗန်းမောက်ရွာသားတွေ ထော်လာဂျီစီးပြီး စစ်ဘေးရှောင်ဖို့ ပြင်နေချိန် လက်နက်ကြီးကျလာလို့ ရွာသား ၂ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။