DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒေသတည်ငြိမ်ရေး ဆေးမီးတိုဖြင့် ကုလို့မရဟု တရုတ်ကို NUG ပြော
DVB
·
November 5, 2024
နယ်စပ်ဒေသတည်ငြိမ်ရေး ဆေးမီးတိုဖြင့် ကုလို့မရဟု တရုတ်ကို NUG ပြော
Donate to DVB

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ဆေးမီးတိုနဲ့ကုလို့မရကြောင်း၊ ဖိအားပေးရုံနဲ့ တရုတ်အတွက် အကျိုးရှိတဲ့အဖြေ ရလာမှာမဟုတ်ဘူးလို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ အခုလို ပြောလိုက်တာပါ။

“နယ်စပ်ဒေသတည်ငြိမ်လိုတယ်၊ အေးချမ်းလိုတယ်ဆိုတာ ကောင်းကောင်းနားလည်တယ်။ ဒါပေမဲ့ ဒါဟာ ဆေးမီးတိုနဲ့ ကုလို့ရတဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျမတို့က ရေရှည်အာမခံနိုင်တဲ့အဖြေကို ရှာဖို့လိုတယ်။ ဒါကို တရုတ်အစိုးရကိုယ်တိုင်ကိုလည်းပဲ နားလည်စေချင်တယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါ့အပြင် ဖိအားတွေကြောင့် တော်လှန်ရေးရဲ့ ဦးတည်ရာပြောင်းလဲမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်းနဲ့ အခု မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ရေရှည်အာမခံနိုင်တဲ့ အဖြေကိုရှာဖို့ တိုက်ပွဲဝင်နေကြတာလို့လည်း သူမကပြောပါတယ်။

တဖက်မှာလည်း တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲအစည်းအဝေးဆီ မြန်မာစစ်ခေါင်းဆောင်အား ဖိတ်ကြားမှုနဲ့ပတ်သက်လို့ တရုတ်-မြန်မာဆက်ဆံရေးကို အဖုအထစ်ဖြစ်မှာကို စိုးရိမ်ကြောင်း NUG က တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီ မေတ္တာရပ်ခံခဲ့ပါတယ်။

“NUG အနေနဲ့လည်းပဲ တရုတ်နဲ့ဆက်ဆံရေး Channel ရှိလားလို့မေးရင် ရှိတယ်လို့တော့ ပြောလို့ရတယ်။ သို့သော် Channel တွေက အသံတွေကို ဘေကျင်းအနေနဲ့ ဘယ်လောက်အထိ နားထောင်သလဲ ဆိုတာကတော့ ကျမတို့မှာ အခုချိန်အထိ အကြီးအကျယ် စိန်ခေါ်မှုရှိနေဆဲပဲ ဖြစ်ပါတယ်” လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တရုတ်နိုင်ငံက အာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် အသိမှတ်ပြုလိုက်ရာ ရောက်တယ်လို့ လေ့လာသူတွေက ဝေဖန်နေကြပေမဲ့ တရုတ်ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်တခုမှာလုပ်တဲ့ ဒေသတွင်းဖိုရမ်တခုကို တက်ရောက်တာဖြစ်တယ်ဆိုပြီး သတင်းစကားပြန်ခဲ့ကြောင်း သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာထိပ်သီး အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာပဲ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013