DVB Logo
Home
မြန်မာသတင်း
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောရှိ နေအိမ်များ မီးလောင်ပြာကျ
DVB
·
November 4, 2024
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောရှိ နေအိမ်များ မီးလောင်ပြာကျ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၅  နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေရတယ်လို့ သိရပါတယ်။

ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အဓိကထား အသုံးပြုလာပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့နယ်၊ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ များလာနေတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြို့နယ် ဇူလ (မွတ်ဆလင်) ကျေးရွာကို နိုဝင်ဘာ ၃ ရက် မနက် ၁၀ နာရီကျော်က ပေါင် ၃၀၀ ဗုံး ၁၁ လုံး ကြဲချခဲ့တာကြောင့် လူနေအိမ်အများအပြား မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

ဇူလကျေးရွာဟာ စစ်ကောင်စီရဲ့ နခခ-၅ တပ်ရင်းနဲ့ ၄ ဖာလုံခန့်သာ ကွာဝေးပြီး အနီးအနား ကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၂ ရက် ည ၇ နာရီလောက်ကလည်း မောင်တောမြို့နယ် ပြားသားကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင် ၄  ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ဆရာတော်တပါးနဲ့ အရပ်သားတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောဒေသခံက “စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ပြားသားကျေးရွာမှာ လက်နက်ကြီး ကျတယ်။ ၄ ယောက် နေရာမှာတင် ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကျောင်းထိုင်ဆရာတော်တပါးလည်း ပါပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေမှာ အသက် ၅၇ နှစ်အရွယ် ဦးညီချေ၊ အသက် ၆၄ နှစ်အရွယ် ဦးမောင်သန်း၊ အသက် ၆၄ နှစ်အရွယ် ဒေါ်မစိန်ဘုနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းထွန်းဝင်းတို့ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ မောင်တောမြို့၊ မြို့မကျောင်းတိုက် (ခန်းနီးဆရာတော်) အသျှင်တေဇောဘာသ သက်တော် (၇၂ နှစ်) နဲ့ ဦးထွန်းထွန်းနိုင် (၄၇ နှစ်) တို့ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက  နခခ ၅ စစ်ဆင်ရေးကို တဆင့်တိုးမြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်ကနေလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ မကြာခဏ ဗုံးကြဲချနေတယ်လို့  စစ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။

AA တပ်တွေဟာ  အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကျန်ရှိနေတဲ့ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မောင်တောမြို့နယ်ရှိ တခုတည်းသာ ကျန်ရှိတော့တဲ့ နခခ-၅ ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013