DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတရွေးကောက်ပွဲ အပြိုင်မဲဆွယ်၊ ကြိုတင်မဲပေးသူ ၇၈ သန်းကျော်ရှိလာ
DVB
·
November 4, 2024
အမေရိကန်သမ္မတရွေးကောက်ပွဲ အပြိုင်မဲဆွယ်၊ ကြိုတင်မဲပေးသူ ၇၈ သန်းကျော်ရှိလာ
Donate to DVB

စစ်တမ်းကောက်ယူခဲ့သမျှ သမိုင်းတလျှောက်မှာ အဓိက သမ္မတလောင်း ၂ ယောက်ကြား ကွာဟချက်အကျဉ်းမြောင်းဆုံးလို့ ဆိုနိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကမ်မလာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ဟာ နောက်ဆုံးအချိန်အထိ အပြိုင်မဲဆွယ်နေကြပါတယ်။

တနင်္ဂနွေနေ့မှာ ဒီမိုကရက်တစ်သမ္မတလောင်း ဟားရစ်က အဆုံးအဖြတ် ပြည်နယ်တခုဖြစ်တဲ့   မီရှီဂန်က သမိုင်းဝင် လူမည်းဘုရားကျောင်းနဲ့ အာရပ်အမေရိကန်တွေကို မဲဆွယ်ခဲ့ပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကတော့ ပင်ဆယ်လ်ဗေးနီးယားမှာ စုဝေးပွဲလုပ်ခဲ့ပြီး စကားလုံး ခပ်ကြမ်းကြမ်းတွေသုံးပြီး ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် ဟားရစ်ဟာ အမျိုးသမီးတွေကြားမှာ ထောက်ခံမှု ပိုအားကောင်းလာပြီး အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ပ်က စပိန်စကားပြော မဲဆန္ဒရှင်တွေ၊ အထူးသဖြင့် အမျိုးသားတွေကြားမှာ ထောက်ခံမှု ပိုအားကောင်းလာတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

မဲဆန္ဒရှင်တွေဟာ ၂ ယောက်စလုံးအပေါ် သဘောမကျတဲ့အမြင်မျိုး ရှိနေကြပေမဲ့ ဒီလို သိပ်မကြိုက်တာကြောင့် မဲပေးမှုမှာတော့ ကျဆင်းဖို့မရှိဘူးလို့ Reuters/Ipsos စစ်တမ်းက ဖော်ပြပါတယ်။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲပေးသူ အရေအတွက်ဟာ ၇၈ သန်းကျော်လာပြီ ဖြစ်တယ်လို့ ဖလော်ရီဒါတက္ကသိုလ် Election Lab က နိုဝင်ဘာ ၃ ရက်အထိ နောက်ဆုံးကောက်ယူထားတဲ့ စစ်တမ်းက ဖော်ပြပါတယ်။

၂၀၂၄ မှာ ကြိုတင်မဲမှာတင် ၂၀၂၀ တုန်းက သမိုင်းတလျှောက် မဲပေးသူအများဆုံးအဖြစ် သန်း ၁၆၀ ကျော်ပေးခဲ့မှုရဲ့ တဝက်လောက်ရှိလာတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ အထက်နဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေ ကိုလည်း တပါတည်း ကျင်းပမှာဖြစ်ပါတယ်။

ရီပတ်ဘလီကန်တွေက အထက်လွှတ်တော် လူများစုနေရာကို ဒီမိုကရက်တွေလက်ကနေ ပြန်ယူနိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။

အောက်လွှတ်တော်မှာလည်း ဒီမိုကရက်တွေက ရီပတ်ဘလီကန်တွေရဲ့ ကျဉ်းမြောင်းတဲ့ အသာရမှုကို ပြောင်းပြန်လှန်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

ဘယ်ပါတီက သမ္မတတက်တက် ကိုယ့်ပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အသာမရထားရင် အဓိကကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ခက်ခဲမှာဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013