
သဘာဝတရားကို ကယ်တင်ဖို့အတွက် နိုင်ငံရေးသမားတွေက အလေးမထားဘူး ဖြစ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။
သဘာဝတရားကို ကယ်တင်ဖို့ရာမှာ တိုးတက်မှုမရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ သတိပေးခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တမ်းမှာ သဘာဝတရား ပျက်စီးမှုကြောင့် စီးပွားရေးအရ ဒေါ်လာဘီလီယံချီ ကုန်ကျစေမှာဖြစ်ပေမဲ့ စီးပွားရေးပူပန်မှုတွေကြောင့်ပဲ သဘာဝကို ထိန်းသိမ်းဖို့ဘက်မှာ နိုင်ငံရေးရည်မှန်းချက် အားမကောင်းဘူးဖြစ်နေတယ်လို့ ထိပ်တန်းပညာရှင်တယောက်က ဝေဖန်ပါတယ်။
COP16 လို့ အတိုကောက်ခေါ်တဲ့ ၁၆ ကြိမ်မြောက် ဆွေးနွေးပွဲကို ကိုလံဘီယာနိုင်ငံ၊ ကာလီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၉၆ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲဟာ COP လို့ပဲ ထင်ရှားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲနဲ့ မတူညီမါဘူး။
ဒီဆွေးနွေးပွဲမှာ နိုင်ငံတွေက ကိုယ့်နိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ဘယ်လို ကာကွယ်မလဲ ဆိုတာ တင်ပြရမှာဖြစ်ပေမဲ့ နိုင်ငံအများစုကတော့ အချိန်မီ တင်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။
မျိုးဗီဇ ၁ သန်းလောက် မျိုးသုဉ်းမယ့်အန္တရာယ် ရင်ဆိုင်နေရပြီး သဘာဝတရားဟာ လူသားသမိုင်းမှာ မမျှော်မှန်းနိုင်လောက်တဲ့နှုန်းနဲ့ ဆုတ်ယုတ်နေချိန်မှာ အခုဆွေးနွေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
သဘာဝက မျိုးဗီဇရင်းမြစ်တွေကို အသုံးပြုတဲ့ ကုမ္ပဏီတွေကို ပေးချေစေခြင်းအားဖြင့် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်ကိုတော့ သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် ဌာနေတိုင်းရင်းသားမျိုးနွယ်စုတွေဟာ သဘာဝကိုထိန်းသိမ်းဖို့ အဓိကကျသူတွေ ဖြစ်တယ် ဆိုတဲ့ အချက်ကို ဆွေးနွေးပွဲမှာ အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
Source: Reuters











