DVB Logo
Home
မြန်မာသတင်း
စစ်ကြောင်းထိုးသဖြင့် ရွှေဘိုဒေသခံထောင်ချီ ထွက်ပြေး၊ ဘုတလင်တွင် စစ်ကြောင်းတိုက်ခိုက်ခံရ
DVB
·
November 3, 2024
စစ်ကြောင်းထိုးသဖြင့် ရွှေဘိုဒေသခံထောင်ချီ ထွက်ပြေး၊ ဘုတလင်တွင် စစ်ကြောင်းတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရပြီး ဘုတလင်မြို့နယ်၊ ဖိုကုန်းရွာနားမှာတော့ စစ်တပ်ရဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ရွှေဘိုမြို့နယ်အနောက်ခြမ်းက အိုးဘိုကျေးရွာကို စီးနင်းဝင်ရောက်တပ်စွဲပြီး အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နိုဝင်ဘာ ၁ ရက်နေ့မှာတော့ အိုးဘိုကျေးရွာကနေ ချီပါကျေးရွာကို ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထွက်ပြေးလာတဲ့ စစ်ရှောင်တယောက်က “စစ်ကြောင်းဝင်လာကတည်းက လက်နက်ကြီးတွေ ပစ်တာ။ ကျနော်တို့ ရွာအပြင်ဘေးနားရွာတွေကလည်း ပြေးကြတယ်။ စစ်ကြောင်းက အခု ကျနော်တို့ရွာထဲမှာပဲ ရှိသေးတယ်။ ရွာထဲက အိမ်တွေထဲကို ဝင်မွှေနေတယ်တဲ့။ မီးရှို့တာတွေ ဘာတွေတော့ မလုပ်သေးဘူး။ ထွက်ပြေးလာတဲ့သူတွေက များတော့ ဘာစားစရာမှ မသယ်လာနိုင်တဲ့သူတွေက မျှကျွေးနေရတာဆိုတော့ အခက်အခဲတော့ရှိတယ်။ ရက်ကြာရင်တော့ မလွယ်ဘူးဆရာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အိုးဘိုကျေးရွာနဲ့ ချီပါတောင်၊ မြောက်ကျေးရွာတို့အပြင် အနီးအနားကျေးရွာတွေဖြစ်ကြတဲ့ မဲတော၊ အောင်ချမ်းသာ၊ ငါးဇူကုန်း၊ လုံးထောင်၊ ကင်းဗျာ၊ ကျည်ပွေ့ကုန်းကျေးရွာတို့က ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း အပါအဝင် သစ်ရိပ်ဝါးရိပ်ကောင်းတဲ့နေရာတွေမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း သူက ဆက်လက်ပြောပြပါတယ်။ 

ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်က “ဟိုဘက်လ လကုန်ရက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေလို့ ရွာခံတွေ ထွက်ပြေးနေကြရတယ်။ စစ်ကြောင်းမထွက်သေးတော့ သူတို့တွေ ရွာမပြန်ရဲကြသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲကလည်း ချီပါကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြသေးတယ်လို့ သိရပါတယ်။

နို၀င်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူတို့စစ်ကြောင်းက အင်အား ၁၅၀ လောက်ပါတယ်။ ချီပါရွာဘက်ကိုအကူး လမ်းမှာ ၂ နေရာကနေ ဖြတ်တိုက်ခဲ့တာပါ။ နှစ်ဖက် ထိခိုက်မှုရှိပါတယ်။ အခုစစ်ကြောင်းက ချီပါရွာထဲမှာ အထိုင်ချနေပြီး ဒဏ်ရာရတဲ့ကောင်တွေကို ဆေးကုနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးသလို ဒဏ်ရာရသူ ၁၀ ယောက်နီးပါးရှိပြီး PDF ရဲဘော် ၁ ယောက်လည်း ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဖိုကုန်းရွာနားမှာလည်း နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက နမခကနေ ဘုတလင်မြို့နယ်ထဲကိုထိုးလာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “စစ်ကြောင်းက မုံရွာ-ဘုတလင် ကားလမ်းဘေးကနေကပ်ပြီး စစ်ကြောင်းထိုးလာတာပေါ့။ ကျနော်တို့ အရပ်သားပြည်သူတွေကတော့ ထုံးစံအတိုင်း  စစ်ကြောင်းလာရင် ရွာထဲကနေ ထွက်ပြေးရတယ်။ အခုလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကို ကာကွယ်ရေးတပ်က ဆွဲမိုင်းနဲ့ ဆွဲပြီးတိုက်ခိုက်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တဲ့အသံ ကြားလိုက်ရတယ်။ ဘာတွေ ဖြစ်လာမယ် မသိဘူး။ စိတ်ညစ်ရပါတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း နမခ တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပြီး ကား ၃ စီးနဲ့ ဘုတလင်ဘက်ကို လာနေတာလည်းရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘုတလင်အုပ်ကြီးအဖွဲ့နဲ့ ဗေဒါအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိဘူးလို့ ပြောပေမဲ့ စစ်တပ်ဘက်က ထိခိုက်မှုအခြေအနေကိုလည်း မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013