
ပီရူးရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၃၁ ရက်က ဟောလိုးဝင်းပွဲတော်တွေရဲ့ လှုံ့ဆော်မှုအဖြစ် စူပါဟီးရိုးတွေလို အသွင်ယူရုပ်ဖျက်ပြီးတော့ မြို့တော်လီမာရှိ မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးခဲ့ပါတယ်။
ဒတ်ဒ်ပူးလ်နဲ့ ဝုဗရင်း ဆိုတဲ့ နာမည်ကြီး အမေရိကန်ရုပ်ရှင် စူပါဟီးရိုး ဇာတ်ကောင်တွေလို ဝတ်ဆင်ထားတဲ့ အေးဂျင့် ၂ ယောက်ဟာ မြို့တော်ရဲ့ ရီမက်ခရိုင်ရှိ အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းပြီး တရားမဝင်ပစ္စည်း အထုပ်လိုက်တွေကို တွေ့ရှိခဲ့ပါတယ်။
အဆောက်အအုံထဲမှာ မူးယစ်ဆေးဝါးတွေ ကိုင်ဆောင်ထားတဲ့ လူ ၄ ယောက်၊ မူးယစ်ဆေး ရောင်းလို့ ရလာတဲ့ ပိုက်ဆံတွေနဲ့ ပစ္စည်းတွေကို ချိန်တွယ်ဖို့ ချိန်ခွင်တခုတို့ကို တွေ့ရှိခဲ့တယ်လို့ ပီရူးအမျိုးသားရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ကားလော့စ်လိုပက်ဇ်က ပြောပါတယ်။
ဒီလူတွေဟာ လာစ် ဘရူးဟာ့စ်ဒယ်လာ အာလာမီးဒါ ရာဇ၀တ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တချို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာပိုင်တွေဟာ စုစုပေါင်း ကိုကင်း ၅၄ အိတ်၊ ကိုကာအခြေခံ အနှစ်ထုပ် ၈၅၀ နဲ့ ပီရူးနိုင်ငံသုံး ငွေကြေး ဆိုးလ်စ် ၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Source: Reuters











