
စစ်ကိုင်းတိုင်း၊ ထီးချိုင့်ကနေ ကသာမြို့ကိုလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ ယာဉ်တန်းကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မေ ၁၀ ရက် နေ့လယ်ပိုင်းက ထီးချိုင့်မြို့နယ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၃ စီးပျက်စီးသွားသလို လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က ပြန်လည်သိမ်းပိုက်ထားတဲ့ ထီးချိုင့်မြို့ကို စစ်ယာဉ်တန်းဟာ မေ ၈ ရက်ကတည်းက ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
အဲဒီကနေ မေ ၁၀ ရက်က ကသာမြို့သို့ အသွားမှာ AA နဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၃ စီး၊ အလောင်း ၂ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်းရှိ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်က ထီးချိုင့်ကနေ ကသာမြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာ။ အဲဒီမှာ ထီးချိုင့်ကနေ ကသာမြို့ကို့ စစ်ယာဉ်တန်း ထွက်လာတာကို မဟာမိတ်တပ်တွေက ကြားဖြတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ စစ်ကား ၃ စီး ပျက်စီးသွားတယ်။ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တာရှိတယ်။”
အဲဒီကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကား ၃ စီး၊ ဆိုင်ကယ်တစီး၊ အလောင်း ၂ လောင်းနဲ့ သေနတ် ၇ လက်တို့ကို သိမ်းဆည်းရမိခဲ့သလို စစ်အာဏာရှင်တပ်သား အများအပြားလည်း ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်မှု မရှိကြဘူးလို့ ပြောကြပါတယ်။
ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့နယ်မှာ AA၊ KIA၊ BPLA နဲ့ PDF ပူးပေါင်းတပ်တွေက လှုပ်ရှားနေကြတာဖြစ်ပြီး စစ်တပ်ဟာ ကသာမြို့ကနေ အင်းတော်မြို့ဘက်ကို စစ်အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့နယ်တို့မှာ စစ်တပ်က စစ်ကြောင်းထိုးနေတာတွေကြောင့် အဲဒီမြို့နယ်တွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့တို့ကို စစ်တပ်က ၂၀၂၆ ခုနှစ် မတ်လနဲ့ ဧပြီလတို့မှာ ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက် ပြောက်ကျား စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်နေပါတယ်။










