
ကချင်ပြည်နယ်၊ တရုတ် - မြန်မာ နယ်စပ်ရှိ စစ်ကောင်စီတပ် ခလရ ၂၉၈ အပါအဝင် ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂ ရက်မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
KIA တပ်မဟာ ၇ နယ်မြေ၊ နယ်ခြားမှတ်တိုင် ၇ နယ်စပ်ဂိတ်အနီး လဂွေကျေးရွာထိပ်မှာ အခြေစိုက်တဲ့ ခလရ - ၂၉၈ စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီ လောက်က သိမ်းလိုက်နိုင်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဖီမောမြို့ကိုလည်း နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲလောက်ကစလို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်နိုင်ပြီလို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။
နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ က ဖီမော၊ အမှတ် ၁၀၀၂ က လုပီ၊ အမှတ် ၁၀၀၃ က ကံပိုင်တည်အနီးက စင်ကြိုင်မှာ အခြေစိုက်ထားတာဖြစ်ပြီး လက်ရှိ နယ်ခြားစောင့်တပ် တပ်ရင်းဌာနချုပ် ၃ ခု စလုံးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “နိုဝင်ဘာလ ၂ ရက်နေ့မှာပဲ ကံပိုင်တည်နဲ့ ဘာတောန် အကြားမှာ လေယာဉ် ဗုံးလာကြဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲ ဝရုန်းသုန်းကား ထွက်ပြေးကြတာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စောင့်နေတဲ့ နေရာဘက် ထွက်ပေါ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ၇ ယောက်ကို ရှင်းလိုက်နိုင်ပြီး ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ချီဖွေမြို့နယ် လဂွေရွာရှိ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို နိုဝင်ဘာ ၁ ရက်မနက် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းမှာလည်း ဖီမော တရုတ်နယ်စပ်လမ်းမပေါ်ရှိ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ် တပ်ရင်းဌာနချုပ်၊ ကံပိုင်တည်အနီး အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်၊ အမှတ် ၁၀၀၂ နယ်ခြားစောင်တပ် ပင်မတပ်စခန်း၊ ပန်ဝါမြို့၊ ဆော့လော်မြို့၊ ချီဖွေမြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။