
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာရှိ စစ်အာဏာရှင်တပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့ရဲ့ စစ်စခန်းကြီးကို အောက်တိုဘာ ၂၂ ရက်ညမှာ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
တောင်ဦးကျေးရွာဘက်ကိုသွားတဲ့ လမ်းတလျှောက်က စခန်းငယ်တွေကို အခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တောင်ဦး စခန်းသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “စစ်တပ်နဲ့ SNA နှစ်ခုလုံးထိုင်တာ၊ တောင်ဦးစခန်းကြီး မနေ့ညက သိမ်းလိုက်တယ်။ အရင်ရက်တွေက တောင်ဦးသွားတဲ့လမ်းက စစ်တပ်စခန်းအသေးလေးကိုတော့ တောက်လျှောက်သိမ်းတာတွေ ရှိတယ်။ စခန်းကြီးသိမ်းလိုက်ပေမယ့် တိုက်ပွဲတွေကတော့ ဆက်ရှိနေတယ်။ စစ်တပ်ကလည်း ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်တာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ တောင်ဦးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဟုမ္မလင်း လေတပ်စခန်းကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၈ နဲ့ ၁၉ ရက်နေ့တွေက ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စုနဲ့ တာမယ်ပုတ်ကျေးရွာမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ခြေကုပ် တပ်စွဲရာ တပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ဟုမ္မလင်းနဲ့ ကချင်ပြည်နယ် ဖားကန့်အစပ် ဥရုချောင်းတလျှောက်က ကျေးရွာတွေမှာ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလဆန်းပိုင်းကတည်းက SNA စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့မှာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် KIA ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီနေ့နဲ့ဆိုရင် တိုက်ပွဲတွေဖြစ်တာ ၆ ရက်လောက်ရှိလာပြီ။ ဒီ ကုန်းမဟတ်ဘက်ကို ထိုးလာတဲ့ ကျနော်တို့ရှိတဲ့ဘက်ကို ထိုးလာတဲ့အချိန် တန်ပြန်တိုက်ခိုက်လိုက်တယ်။ တန်ပြန်တိုက်ခိုက်တဲ့အချိန် လေယောဉ် ၂ စင်း၊ ၃ စင်း လာပစ်တယ်။ လေကြောင်းကူလည်း သူတို့ရှေ့ဆက်တော့ မတိုးနိုင်သေးဘူး။”
အောက်တိုဘာလလယ်လောက်ကစပြီး ဗန်းမော်ကနေ မန်ဂျယ်အသွားလမ်း ကုန်းမဟတ်-ဟန်တဲ ပတ်ဝန်းကျင်မှာ စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က ဗန်းမော်ကို အင်အားပိုဆောင်တဲ့ သင်္ဘောတွေရောက်တဲ့နောက်ပိုင်း ဗန်းမော် တိုက်ပွဲမှာ စစ်မျက်နှာပြင် ၃ ခုဖွင့်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးဌာနက လည်း ထုတ်ပြန်ထားပါတယ်။
ဟန်န











