
မြောက်ကိုရီးယားတပ်တွေ ရုရှားအတွက် ကူညီပြီး ယူကရိန်းကျူးကျော်စစ်မှာ တိုက်ခိုက်မှု မတိုင်မီ စတင်အရေးယူဖို့ မဟာမိတ်အဖွဲ့တွေကို ယူကရိန်းသမ္မတ ဇလန်းစကီးက တိုက်တွန်း လိုက်ပါတယ်။
ဇလန်းစကီးက မြောက်ကိုရီးယားတပ်တွေ ရုရှားကို စေလွှတ်မှုနဲ့ပတ်သက်ပြီး စောင့်ကြည့်နေတာ တွေရပ်ပြီး အရေးယူမှု စတင်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဇလန်းစကီးက တယ်လီဂရမ်ချန်နယ်မှာ မဟာမိတ်တွေကို ဗွီဒီယိုဖိုင် တခု တင်ပြီး တိုက်တွန်း ခဲ့တာဖြစ်ပါတယ်။
“ယူကရိန်းနယ်စပ်မှာ မြောက်ကိုရီးယားက စစ်သားတွေ ထောင်နဲ့ချီပြီး ရောက်နေပါပြီ။ ယူကရိန်းသားတွေက သူတို့ကို ရင်ဆိုင်ဖို့ ကိုယ်တိုင်ပြင်ဆင်ရမှာပါ။ ကမ္ဘာကတော့ ဒါကို စောင့်ကြည့်မှုတွေ ထပ်ပြီးလုပ်နေပါတယ်။ အမေရိကန်က စောင့်ကြည့်တယ်၊ ဗြိတိန်ကလည်း စောင့်ကြည့်တယ်၊ ဂျာမနီကလည်း စောင့်ကြည့်တယ်။ ဒီလိုစောင့်ကြည့်မဲ့အစား လိုအပ်နေတဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးရမှာပါ။ ကမ္ဘာ ပေါ်မှာရှိတဲ့လူတိုင်းက ရုရှား-ယူကရိန်းစစ်ကို မကြာရှည်စေချင်ကြဘူးဆိုရင် စောင့်ကြည့်ရုံပဲ စောင့်မကြည့်ကြပါနဲ့။ အရေးယူမှုတွေ ပြုလုပ်ရမှာပါ” လို့ ဇလန်းစကီးက မဟာမိတ်တွေကို ပြောဆိုခဲ့တာပါ။
ရုရှားဟာ မြောက်ကိုရီးယားစစ်သားတွေနဲ့ နယ်စပ်တွေမှာ အင်အားဖြည့်တင်းနေချိန် ယူကရိန်းနိုင်ငံကတော့ တာဝေးပစ်လက်နက် အသုံးပြုခွင့်မရဘဲ ရုရှားရဲ့ ထိုးစစ်ကို ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
၃ မိနစ်စာဗွီဒီယိုမှာ မြောက်ကိုရီးယားစစ်သားတွေအကြောင်းနဲ့ ဒုံးလက်နက်တွေ ၊ ကုလသမဂ္ဂ၊နဲ့ စစ်ပွဲပုံရိပ်တွေပါ ဖော်ပြခဲ့ပါတယ်။
ဒီဗွီဒီယိုဟာ တောင်ကိုရီးယားတီဗွီ KBS နဲ့ ဇာလန်းစကီးတို့ အင်တာဗျူးပြီးနောက် တယ်လီဂရမ် မှာ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားက မြောက်ကိုရီးယားစစ်တပ်ကို အသုံးပြုနေတဲ့အချိန်မှာ မဟာမိတ်တွေက တုန့်ပြန်မှု လုံးဝ မလုပ်တဲ့အကြောင်း ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ကာ့ခ်ဒေသတောင်ပိုင်းကို ယူကရိန်းတို့က ဩဂုတ်လမှာ ဝင်ရောက်ချိန်မှာ ရုရှားက မြောက်ကိုရီးယားစစ်သား ၈၀၀၀ ချထားကြောင်းနဲ့ တပ်သား ၁၀၀၀၀ ရုရှားမှာရှိကြောင်း အမေရိကန်အတွင်းရေးမှုး ဘလင်ကန်က ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားက ရုရှားနိုင်ငံကို ယူကရိန်းစစ်ပွဲအောင်မြင်တဲ့အထိ ထောက်ခံသွားမှာ ဖြစ်ကြောင်း သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆို ထားပါတယ်။
Source:Reuters