
အီရန်နိုင်ငံဟာ သူတို့ရဲ့ ဒေသတွင်း မဟာမိတ်တွေကိုတောင် ထောက်ပံ့ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ပယ်ချလိုက်ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ စစ်ပွဲကြောင့် ဘဏ္ဍာရေးအရ စိန်ခေါ်မှုတွေ ရှိလာတယ် ဆိုတာကိုတော့ အီရန်ဘက်က ဝန်ခံထားပါတယ်။
အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ဘရတ်ဒ် ကူးပါးကတော့ စစ်ရေး တိုက်ခိုက်မှုတွေနဲ့အတူ တောင်ပိုင်းဆိပ်ကမ်းတွေအပေါ် ရေကြောင်းပိတ်ဆို့ထားတာကို ပေါင်းစပ် လိုက်တဲ့အခါ အီရန်အတွက် “ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ” ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်ဘက်က အနည်းဆုံး ဒေါ်လာ ၂၅ ဘီလီယံ တန်ကြေးရှိတဲ့ အီရန်ရဲ့ ရေနံစိမ်း တင်ပို့မှုတွေကို တားဆီးနိုင်ခဲ့သလို ခရစ်ပတိုငွေကြေး ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်း ၃၅၀ ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဒါကြောင့်ပဲ အီရန်စစ်တပ်ဖြစ်တဲ့ IRGC ဟာ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ လစာ အပါအဝင် ယီမင် အခြေစိုက် ဟူသီနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာလိုမျိုး ဒေသတွင်းက လက်ဝေခံအဖွဲ့တွေ ကိုပါ ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ပါဘူး။
အခုလအစောပိုင်းမှာ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အီရန်ဆီက ဒေါ်လာသန်း ၂၀၀ ပမာဏကို ရရှိခဲ့တယ် ဆိုပေမဲ့လည်း မဟုတ်မမှန်ကြောင်း အမေရိကန်က ငြင်းဆိုထားပါတယ်။
အဲဒီနောက် “ဖိအားမှန်သမျှ ရှိနေတဲ့ ကြားထဲမှာတောင် အီရန်စီးပွားရေးအနေနဲ့ အတော်လေး ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ် ဆိုတာကို ပြသထားပါတယ်။ အီရန်စီးပွားရေး ပြိုလဲနေပြီဆိုတဲ့ ပြောဆိုချက် တွေဟာ ထင်ယောင်ထင်မှား ဖြစ်နေတာထက် မပိုပါဘူး” လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒူနာဆာ ဟမ်မာတီက မှတ်ချက်ပေးပါတယ်။
တချိန်တည်းမှာပဲ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အီရန်နိုင်ငံရဲ့ စီးပွားရေးကို ၇ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျုံ့ဝင် ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
လက်ရှိ အီရန်စီးပွားရေးအခြေအနေကြောင့် လူဦးရေ သန်း ၉၀ ဟာ လစာနည်းပါးတဲ့ အလုပ်အကိုင် တွေ၊ ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းလာတာတွေ၊ အဆမတန် ငွေကြေးဖောင်းပွနေတာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကြဉ်ထားတာတွေကိုပါ ရင်ဆိုင်နေရပါတယ်။
ဒါဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ရဲ့ အောင်ပွဲတခုအဖြစ် ပုံဖော်နေပေမဲ့လည်း တကယ်တမ်းမှာတော့ ဝါရှင်တန်အနေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုး မရှိသေးဘူးဆိုပြီး သတင်းဖော်ပြထားပါတယ်။
Source:Reuters











