
ကျနော်တို့ နှစ်ယောက်ဟာ ၆၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွက် ဂျီနီဗာကို ရောက်လာခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ၊ လာခဲ့တဲ့ နေရာတွေ မတူကြပေမဲ့ မြန်မာပြည်သူတွေအတွက် ကူညီပေးချင်တဲ့ ဆန္ဒကတော့ တူညီကြပါတယ်။ ကျနော်တို့ထဲက တယောက်ကတော့ ကုလသမဂ္ဂမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့သူပါ။ သံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကို အရေးယူပေးဖို့ အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။ နောက်တယောက်ကတော့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်နဲ့ချီပြီး မှတ်တမ်းတင်လာခဲ့သူပါ။ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကိုတော့ အခုမှ ပထမဆုံးအကြိမ် တက်ရောက်ဖူးတာ ဖြစ်ပါတယ်။
ကျနော်တို့ နှစ်ယောက်လုံး လာခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တခုတည်းပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစိုးရတွေအနေနဲ့ ဘာတွေလုပ်ပေးဖို့ ပြင်ဆင်ထားသလဲ ဆိုတာကို မေးမြန်းဖို့ပဲ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေကို နှစ်နဲ့ချီပြီး မှတ်တမ်းတင်ခဲ့ပြီးနောက်မှာတော့ ရှောင်လွှဲလို့မရတဲ့ မေးခွန်းတခုနဲ့အတူ ကျနော်တို့ ဂျီနီဗာကနေ ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီမေးခွန်းကတော့ "သက်သေအထောက်အထားတွေ အကုန်ရှိနေပြီဆိုရင် ရှေ့ဆက် ဘာဖြစ်လာမလဲ" ဆိုတာပါပဲ။
လူ့အခွင့်အရေးကောင်စီ အစည်းအဝေးခန်းမထဲမှာတော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဘယ်လောက်ကြီးမားနေသလဲ ဆိုတာကို နောက်တကြိမ် ထပ်ပြီး ဖွင့်ဟပြသနိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က ပိုဆိုးလာနေတဲ့ အကျပ်အတည်းတွေအကြောင်း ရှင်းပြခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေနဲ့ မတရားဖမ်းဆီးမှုတွေအကြောင်း သူက ပြောခဲ့ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချနေတာတွေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီကတဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို သူက တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာဥပဒေ ချိုးဖောက်ရာမှာ အထောက်အကူဖြစ်စေမဲ့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ စစ်ရေး/အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေ တင်ပို့ရောင်းချနေတာကို ရပ်တန့်ကြဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုးလပ်စ် ကွန်ဂျမ်းကလည်း အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ နိုင်ငံတကာအဆင့် ရာဇဝတ်မှုကျူးလွန်တာတွေဟာ အခုဆိုရင် ပိုများလာပြီး ပိုပြီးလည်း ဆိုးရွားလာတယ်လို့ သူက ဆိုပါတယ်။ နောင်တချိန်မှာ ပြစ်ဒဏ်ပေး အရေးယူနိုင်ဖို့အတွက် လိုအပ်တဲ့ သက်သေ အထောက်အထားတွေကို IIMM အနေနဲ့ ဆက်လက် စုဆောင်းသိမ်းဆည်းနေတယ်လို့လည်း သူက ပြောပါတယ်။
၆၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ပုံ အမျိုးမျိုးကို ကျနော်တို့ ကြားခဲ့ရပါတယ်။
အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတဲ့ အစိုးရနဲ့ အဖွဲ့အစည်းပေါင်း ၃၉ ခုထဲမှာ တဝက်တောင်မပြည့်တဲ့ ၁၄ နိုင်ငံကပဲ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေအကြောင်းကို တိတိကျကျ ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။ တက်ရောက်လာသူ ၂၀ ကတော့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း ယေဘုယျ ပြောဆိုခဲ့ကြပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ သဘောထားကွဲလွဲနေကြပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ် အပါအဝင် နိုင်ငံ ၈ နိုင်ငံကတော့ ထောက်ခံပေမဲ့ သတိထားချဉ်းကပ်ချင်ကြပါတယ်။ သူတို့က ဒေသတွင်း ပူးပေါင်းဆောင်ရွက်တာတွေ၊ ဆွေးနွေးအဖြေရှာတာတွေကို ပိုသဘောကျကြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကပဲ ဦးဆောင်ဖြေရှင်းတဲ့ လုပ်ငန်းစဉ်မျိုးကိုပဲ လိုလားကြပါတယ်။
လာအို၊ ဘယ်လာရုစ်၊ ရုရှား၊ တရုတ်နဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံ ၅ နိုင်ငံကတော့ စစ်ကောင်စီကို တက်တက်ကြွကြွ ကာကွယ်ပေးခဲ့ကြပါတယ်။ သူတို့က အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေး ဝင်မစွက်ဖို့ကိုပဲ အသားပေး ပြောဆိုခဲ့ကြပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ပဲ ဆက်ဆံဖို့ ပြောဆိုခဲ့ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ဆန့်ကျင်ခဲ့ကြပါတယ်။
အစည်းအဝေး ပြီးတဲ့နောက်မှာတော့ ဂျီနီဗာမှာရှိတဲ့ သံတမန်အဖွဲ့တချို့နဲ့ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရတာဟာ ဘာတွေ ထပ်လုပ်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ အခွင့်အရေးတခု ဖြစ်ခဲ့ပါတယ်။ ကောင်စီအစည်းအဝေးနဲ့ သံတမန်တွေဆီကနေ ကျနော်တို့ ကြားသိခဲ့ရတာက သူတို့တွေ အခြေအနေကို မသိကြတာ မဟုတ်ပါဘူး။ မြန်မာ့အရေးက အစိုးရအများစုအတွက် ဆက်တိုက် အရေးယူဆောင်ရွက်ရလောက်အောင် နိုင်ငံရေးအရ ဦးစားပေးအဆင့်မှာ မရှိနေတာပဲ ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာ သံတမန်ရေးရာ ရှုပ်ထွေးမှုတွေတော့ ရှိနေပါတယ်။ ကုလသမဂ္ဂမှာဆိုရင်လည်း နိုင်ငံကို ဘယ်သူက ကိုယ်စားပြုမလဲ ဆိုတဲ့ကိစ္စက အခုထိ အဖြေမထွက်သေးဘဲ အငြင်းပွားနေရဆဲပါ။ ဒါ့အပြင် အစိုးရအသီးသီးမှာ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အာဆီယံ (ASEAN) အဖွဲ့တို့နဲ့ ပတ်သက်ပြီး ဆက်ဆံရေးပုံစံတွေ မတူညီကြပါဘူး။ ဒါပေမဲ့ ဒီလိုရှုပ်ထွေးမှုတွေ ရှိနေတာကို အကြောင်းပြပြီး၊ အရေးမယူဘဲ အချိန်ဆွဲထားတာမျိုး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ကျနော်တို့ရဲ့ အမြင်အရဆိုရင် မြန်မာ ဒါမှမဟုတ် အာဆီယံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်ဟာ အဓိကအခန်းကဏ္ဍမှာ ရှိသင့်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါတွေလုပ်နေလို့ တာဝန်ခံမှုရှိစေရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ဆိုင်းငံ့ထားရမယ်လို့တော့ မဆိုလိုပါဘူး။
ရက်စက်တဲ့ အစိုးရတရပ်နဲ့ ဆွေးနွေးနေရုံနဲ့ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်ရမဲ့ အပိုင်းတွေကို အစားထိုးလို့ မရပါဘူး။ အချုပ်အခြာအာဏာ ဆိုတာကို အကြောင်းပြပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကိုလည်း ကာကွယ်လို့ မရနိုင်ပါဘူး။
ပြည်တွင်း၊ ပြည်ပက လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သူတို့ရဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်နေကြဆဲပါ။ ကျနော်တို့တွေဟာ ချိုးဖောက်မှုတွေကို ဆက်လက် မှတ်တမ်းတင်နေပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ စကားပြောတာ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို အထောက်အထားတွေ ပေးပို့တာတွေကို လုပ်နေပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ တခြားသော မြန်မာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေကလည်း ဒီလိုပဲ လုပ်ဆောင်နေကြပါတယ်။
Fortify Rights အဖွဲ့ဆိုရင် အရပ်သားတွေအပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ ကချင်နဲ့ ကရင်နီပြည်နယ်တွေကို တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က အမိန့်ပေးကွပ်ကဲမှုစနစ်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နည်းဗျူဟာအသစ်တွေကိုလည်း ဆက်လက် မှတ်တမ်းယူနေပါတယ်။
အထောက်အထား မှတ်တမ်းတွေ ပိုပြီး လိုအပ်နေသေးတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လိုအပ်နေတာက ဒီအထောက်အထားတွေနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှု ယန္တရားပဲ ဖြစ်ပါတယ်။
တချို့အစိုးရတွေကတော့ သူတို့မှာရှိတဲ့ အခွင့်အာဏာတွေကို အသုံးပြုနေကြပါပြီ။ ကနေဒါနိုင်ငံဆိုရင် လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုကို ပိတ်ပင်ထားပါတယ်။ မြန်မာစစ်တပ် အရာရှိတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်နေပါတယ်။ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) ကလည်း လေယာဉ်ဆီ တင်သွင်းသူတွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူ ပိတ်ဆို့ထားပါတယ်။
တချိန်တည်းမှာပဲ တာဝန်ခံမှုရှိလာစေရေး ကြိုးပမ်းမှုတွေကလည်း ရှေ့ဆက်သွားနေပါတယ်။ မြန်မာနဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက အာဂျင်တီးနား၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောနဲ့ တူရကီနိုင်ငံတွေမှာ နယ်စည်းမခြားတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ အမှုဖွင့် တရားစွဲဆိုမှုတွေ လုပ်ဆောင်နေပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာလည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ မြင်ရသလောက်ကတော့၊ လက်ရှိ စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တခု ရှိနေဆဲပါ။ ဘယ်နိုင်ငံတကာတရားရုံးကမှ ဒီရာဇဝတ်မှုတွေ အားလုံးကို ခြုံငုံပြီး တရားစွဲဆိုနိုင်တာမျိုး မရှိသေးပါဘူး။ နိုင်ငံအလိုက် တရားစွဲဆိုမှုတွေနဲ့ နယ်စည်းမခြား တရားစီရင်ရေး လုပ်ငန်းစဉ်တွေဟာ အရေးပါတဲ့ လမ်းကြောင်းတွေ ဖြစ်ပေမဲ့၊ အပြည့်စုံဆုံးနဲ့ လွှမ်းခြုံမှုအရှိဆုံး တာဝန်ခံမှု လုပ်ငန်းစဉ်တခု အဖြစ်တော့ မရောက်သေးပါဘူး။
၆၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီကနေ ကျနော်တို့ ရလိုက်တဲ့ အသိကတော့ သတင်းအချက်အလက် ဒါမှမဟုတ် သက်သေအထောက်အထားတွေ မရှိတာ မဟုတ်ဘူး ဆိုတာပါပဲ။ အထောက်အထားတွေကို စုဆောင်းနေပါတယ်။ အစိုးရတွေအနေနဲ့လည်း လူ့အခွင့်အရေး မှတ်တမ်းတင်တဲ့ အလုပ်တွေအတွက် ရန်ပုံငွေ ဆက်လက် ထောက်ပံ့ပေးသင့်ပါတယ်။ အမှုတွေလည်း ဖွင့်ထားပါတယ်။ တချို့အစိုးရတွေကလည်း အရေးယူ ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက် အစိတ်အပိုင်းလေးတွေဟာ လက်ရှိ အကျပ်အတည်းရဲ့ ကြီးမားမှုနဲ့ ထိုက်တန်တဲ့ အတိုင်းအတာတခုအထိ စုစည်းမိတာမျိုး မရှိသေးပါဘူး။
ကျနော်တို့အနေနဲ့ ဆက်လက်ပြီး မှတ်တမ်းတင်တာတွေ၊ အထောက်အထားတွေ မျှဝေတာတွေနဲ့ အစိုးရတွေနဲ့ ချိတ်ဆက်တာတွေကို လုပ်ဆောင်သွားလို့ ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှု မရှိဘဲနဲ့တော့ မှတ်တမ်းတင်ရုံ သက်သက်နဲ့ ခရီးပေါက်မှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ စောင့်ဆိုင်းနေခဲ့ရတာ နှစ်နဲ့ချီနေပါပြီ။ သက်သေ အထောက်အထားတွေကလည်း အခိုင်အမာ ရှိနေပါတယ်။ ရှေ့ဆက် ဘာဖြစ်လာမလဲ ဆိုတာကတော့ ဒီအချက်အလက်တွေကို အစိုးရတွေက ဘယ်လိုအသုံးချမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတော့တယ်။
ချစ်ဆိုင်းနှင့် ဘင်နီဒစ်ရော်ဂျာ
Ref: The Diplomat











