
ဆားဘီးယားနိုင်ငံ နိုဗီဆာ့ဒ်မြို့မှာ မီးရထားဘူတာရုံဝင်ပေါက် အမိုးပြိုကျမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်မှာ ကယ်ဆယ်ရေး လုပ်သားတွေဟာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကွန်ကရစ် အပုံတွေနဲ့ ကွေးကောက်ကုန်တဲ့ သတ္တုတိုင်တွေ ကို ဖယ်ရှားရှင်းလင်းနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် မြို့တော် ဘဲလ်ဂရိတ်ဒ်ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ အကွာရှိမြို့မှ ဘူတာရုံကနေ ရထားထွက်ခွာမှုကို ရပ်ဆိုင်းလိုက်ကြောင်း N1 သတင်းချန်နယ်က ပြောကြားပါတယ်။
ဘူတာရုံဝင်ပေါက် အမိုးဟာ ၁၁၅ ပေ ရှည်လျားပြီး ကွန်ကရစ်တွေရဲ့ အလေးချိန်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းဟာ ရှုပ်ထွေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးကို ညအထိ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန အကြီးအကဲ လူကာ ကော့ဆစ်ခ်က ပြောပါတယ်။
N1 သတင်းချန်နယ်ကတော့ အဲဒီအဆောက်အအုံရဲ့ ပြန်လည်တည်ဆောက်ရေးဟာ အခုနှစ် နွေရာသီမှာ ပြီးစီးခဲ့ပေမဲ့ ပြိုကျခဲ့တဲ့ အမိုးရဲ့ အစိတ်အပိုင်းဟာ ပြန်လည်တည်ဆောက်ရေးရဲ့ အစိတ်အပိုင်း မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့ ဆောက်လုပ်ရေးလုပ်သား ဒါဇင်ပေါင်းများစွာဟာ ဝန်ချီစက် ကရိန်းတွေနဲ့ ဘူဒိုဇာ မြေထိုးကော်စက်တွေကိုပါ သုံးပြီး အပျက်အစီးတွေကို ဖယ်ရှားခဲ့ပါတယ်။
နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ တောက်လျှောက် အပျက်အစီးတွေထဲကနေ သေဆုံးသူတွေကို ဆွဲထုတ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ လူနာတင်ယာဉ်တွေလည်း အနီးမှာ စောင့်ဆိုင်း နေခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားရကြောင်း ပြည်ထဲရေးဝန်ကြီး အီဗီဆာ ဒါးစစ်က ရုပ်မြင်သံကြားသတင်း ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
အခုဖြစ်ရပ်ကို မြို့တော်ဝန်ရုံးက အသိအမှတ် ပြုခဲ့ပေမဲ့ လူ ဘယ်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုတာကို မပြောခဲ့ပါဘူး။ ဒေသခံမီဒီယာကတော့ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရနိုင်တယ်လို့ ပြောပါတယ်။
Source:Reuters











