DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ခဲသတ္တုအရည်ကျိုစက်ရုံပေါက်ကွဲမှုတွင် မြန်မာလုပ်သား ၂ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
DVB
·
November 1, 2024
ထိုင်းနိုင်ငံ ခဲသတ္တုအရည်ကျိုစက်ရုံပေါက်ကွဲမှုတွင် မြန်မာလုပ်သား ၂ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ပရာကျင်းပူရီခရိုင်၊ ကဘင်ပူရီမြို့နယ်ရှိ ခဲသတ္တုအရည်ကျိုစက်ရုံမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးပြီး မြန်မာအလုပ်သမား ၂ ယောက်သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့  Thai PBS သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်က ကရပင်ပူရီမြို့ ဘော်ထောင်းန်ရပ်ကွက် စက်မှုဇုန်မှာ ပေါက်ကွဲမှုဖြစ်ပွါးပြီး သေဆုံးဒဏ်ရာရသူရှိကြောင်း တိုင်ကြားချက်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ ၊  အရေးပေါ်လူနာတင်ကား၊ အုပ်ချုပ်ရေးရုံး ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဝမ်းတခိန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ အလုပ်သမားတ‌ယောက် ဓာတုဆေးရောနှောတဲ့ကန်ထဲ ပြုတ်ကျပြီး ဦးခေါင်းကွဲ၊ အရေပြားလန်တဲ့အနေအထားတဲ့ သေဆုံးနေတယ်၊ နောက် ၁၃ ယောက်ကတော့ ပေါက်ကွဲမှုအရှိန်နဲ့ ဒဏ်ရာရပြီး ကဘင်ပူရီပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်၊ ဆေးရုံ‌ရောက်ပြီး မကြာခင် နောက်ထပ်အလုပ်သမား ၁ ယောက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါစက်ရုံမှာ အလုပ်သမား ၇၀ ကျော် အချိန်ပိုအလုပ်ဆင်းနေစဉ် ဘွိုင်လာ အိုးကနေပေါက်ကွဲမှုဖြစ်ခဲ့တယ်၊  ပေါက်ကွဲမှုအရှိန်ကြောင့် အလုပ်သမားအချို့ လွင့်ထွက်လဲကျ ကုန်တယ်၊ သေဆုံးသူက ဓာတုဆေးရောတဲ့ကန်ထဲပြုတ်ကျတယ်၊ တချို့ကတော့ ဓာတုဓာတ်ယို စိမ့်မှုကနေ ဒဏ်ရာရတာလို့ ဆိုပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနီးနားပတ်ဝန်းကျင်တွေ မထိခိုက်စေဖို့ မြို့နယ်ကျန်းမာရေးဌာနနဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က လာရောက်ပြီး ရှင်းလင်းသန့်စင်ရေး လုပ်ခဲ့ပါတယ်။ 

အဆိုပါစက်ရုံမှာ ခဲသတ္တုအရည်ကျိုတာနဲ့ သံထည်တွေထုတ်လုပ်ပြီး တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တယ်၊ အလုပ်သမား ၂၃၂ ယောက်ရှိပြီး အများစုမှာ မြန်မာလုပ်သားတွေလို့ ဆိုပါတယ်။

သေဆုံးသူမြန်မာလုပ်သား ၂ ယောက်က ကိုသက်ဝေနဲ့ ကိုမင်းအောင် တို့ဖြစ်ပြီး သူတို့ရဲ့ နစ်နာကြေးတွေ ရရှိဖို့   ( MHAC ) မဟာမိတ်အဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့  အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လုပ်သက်ကိုလိုက်ပြီး ကိုသက်ဝေမှာ နစ်နာကြေး ဘတ် ၁ သန်းကျော်နဲ့ ကိုမင်းအောင်မှာ ဘတ် ၉ သိန်းကျော် ရရှိမှာဖြစ်သလို ကျန်ထိခိုက်ဒဏ်ရာရသူတွေလည်း ဆေးကုသစရိတ်၊ နစ်နာကြေးတွေ ရရှိမယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာမိသားစုများရဲ့ခွင့်ပြုချက်နဲ့ ကဘင်ပူရီဘုန်းကြီး ကျောင်းမှာ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

Source: Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013