DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံ အရှိန်မြှင့်ဆောင်ရွက်ရန်  ABSDF တိုက်တွန်း 
DVB
·
November 1, 2024
နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံ အရှိန်မြှင့်ဆောင်ရွက်ရန်  ABSDF တိုက်တွန်း 
1 / 4
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံကနေ အရှိန်မြှင့် ဆောင်ရွက်ကြရမယ့် အချိန်ရောက်ပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ- ABSDF) က ကြေညာပါတယ်။

နိုဝင်ဘာ ၁ ရက်မှာကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF ( ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ် မြောက်ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်အနေနဲ့  ကျယ်ပြန့်လာတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူလက်တွဲကာ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် မျိုးဆက်သစ်တွေကလည်း လက်တွေ့တိုက်ပွဲဝင်နေကြပြီး လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူ လူထုကြီးနဲ့ အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ပေါ်ထွန်းရေးအတွက် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြေညာ ထားပါတယ်။

စစ်ကောင်စီရဲ့ မဏ္ဍိုင် ၃ ရပ်လုံးကို ဖြိုချဖျက်ဆီးပြီး ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံက အရှိန်မြှင့် ဆောင်ရွက်ကြရမယ့် အချိန်ဖြစ်တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်တပ်က နိုင်ငံတော်အချုပ်အချာ အာဏာကို လက်နက်နဲ့ လုယူသိမ်းပိုက်ခဲ့တဲ့ အကျိုးဆက်မှာ နိုင်ငံတော် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေ ယိုယွင်းပျက်စီးလာခဲ့ပြီး တတိုင်းပြည်လုံး အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပေမဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ တနံတလျား ကျယ်ပြန့်လာခဲ့တယ်လို့လည်းဆိုပါတယ်။ 

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြပွဲနဲ့ အခမ်းအနားတခုကိုလည်း လွတ်မြောက်နယ်မြေ တနေရာမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ABSDF ကျောင်းသားတပ်မတော်ကို  ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအပြီးမှာ နယ်စပ်ကို ရောက်ရှိလာတဲ့ လူငယ်ကျောင်းသားတွေနဲ့   ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးခရီးစဉ် အတွင်း ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော် ၈၂၆ ယောက်  ကျဆုံးခဲ့ပြီး ၄၃၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ABSDF ထုတ်ပြန်ချက်အရ သိရပါတယ်။

ABSDF ကျောင်းသားတပ်မတော်ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013