DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ထဲကကျေးရွာ ၂ ရွာကိုစစ်တပ်က မီးရှို့၊  ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်
DVB
·
November 1, 2024
ကန့်ဘလူမြို့နယ်ထဲကကျေးရွာ ၂ ရွာကိုစစ်တပ်က မီးရှို့၊  ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ ကန့်ဘလူမြို့နယ်ထဲက ကျီစုကျေးရွာနဲ့ ကျောက်တိုင်ကျေးရွာတွေကို စီးနင်း၀င်ရောက်ကာမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း ၃ ကျောင်းအပါအ၀င် လူနေအိမ် ၇၀၀ နီးပါးပျက်စီးခဲ့သလို ပြည်သူ ၄၀ နီးပါးကိုလည်း ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကနေ သိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်သားနဲ့ပျူတွေပေါင်းထားတဲ့စစ်ကြောင်း၀င်ပြီးဖျက်ဆီးသွားတာ။ ဒရုန်းတွေနဲ့လည်း တရက်တည်း ဗုံး ၁၀ ကြိမ်ကျော်ကြဲတယ်။ ကျီစုရွာက အိမ် ၄၀၀ နီးပါးနဲ့ ဘုန်းကြီးကျောင်း တောင်ကျောင်း၊ မြောက်ကျောင်း ၂ ကျောင်းလုံးအရှို့ခံရတယ်။ ကျောက်တိုင်ရွာ ဘုန်းကြီးကျောင်းမြောက်ကျောင်းနဲ့ တန်းကျောင်း စာသင်ဆောင် တဆောင်ရယ် အိမ် ၃၀၀ နီးပါး မီးလောင်ကုန်တယ်”လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျီစုကျေးရွာအနီးက အိုင်ပေါင်းချောင်ကျေးရွာက အမျိုးသားတယောက် ဗုံးစမှန်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီး အယောက် ၄၀ နီးပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံက “ပြည်သူကိုနှိပ်စက်ချင်လို့ စစ်ကြောင်းထိုး လာတာပါ။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဖမ်းသွားကြတဲ့အပြစ်မဲ့ပြည်သူ ၄၀ နီးပါးကိုကန့်ဘလူ ၆၀၀၆ တကရတပ်ထဲမှာဖမ်းထားတာ အခုထိပြန်မလွှတ်သေးဘူး။ အဲ့ဒိ ကျီစု၊ ကျောက်တိုင်နဲ့ အိုင်ပေါင်းချောင်ရွာတွေအပြင် အနီးနားကရွာတွေကပြည်သူတွေလည်း သူတို့သယ်နိုင်တဲ့ပစ္စည်းတွေသယ်ပြီး ပြေးကုန်ကြပြီ” လို့ ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ အိမ်ခြေ ၉၀၀ နီးပါးရှိတဲ့ကျီစုကျေးကို ၃ ကြိမ်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ နီးပါးသာကျန်ရှိကာကျောက်တိုင်ကျေးရွာဟာ ၂ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်လာတဲ့ ကျောက်တိုင်ကျေးရွာသားတယောက်က “စစ်တပ်ကအာဏာသိမ်းပြီး ပြီးခဲ့တဲ့ ၂ နှစ်၀န်းကျင်ကတည်းက ကျနော်တို့ရွာကို၀င်ပြီးမီးရှို့လို့ တတ်နိုင်သလောက် ကလေးတွေနဲ့ အိမ်လေးတွေပြန်ဆောက်ပြီး ပြန်နေကြတာ။ အခုလည်း ထပ်ရှို့ပြန်တော့ ပြေးရပြန်တယ်။ ရွာထဲပြန်၀င်ဖို့ကတော့ အခြေအနေအရပေါ့။ ပြေးနေရတာနဲ့တင် စိုက်ပျိုးရေးတောင်ယာအလုပ်လုပ်ဖို့အချိန်ကိုမရှိတော့တာ ကျနော်တို့ဘ၀တွေ ဘယ်လိုလုပ်ပြီးနလန်ထူတော့မလည်း။ စစ်တပ်ကတနေ့တခြားစက်ဆုပ်ရွံရှာစရာကောင်းလာပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ ကျီစု၊ ကျောက်တိုင်နဲ့ အိုင်ပေါင်းချောင်ရွာတွေအပြင် အနီးအနားကျေးရွာတွေက ထောင်ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013