DVB Logo
Home
Lead Story
ပြည်သူ့သားကောင်းစိတ်ဓာတ်နဲ့ နှလုံးသားအလှဆုလာဘ်
DVB
·
November 1, 2024
ပြည်သူ့သားကောင်းစိတ်ဓာတ်နဲ့ နှလုံးသားအလှဆုလာဘ်
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က တနင်္ဂနွေနေ့၊ အလုပ်နားရက်ဖြစ်တော့ ကုန်ကားမောင်းတဲ့ ဂျာဟီးဟာ နေ့လယ်စာစားဖို့အတွက် တခုခုဝယ်ဖို့ အိမ်အနီးအနား ဝန်းကျင်ကို စက်ဘီးစီး ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ရာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (HDB) အိမ်ရာအနီးအနားမှာ လူတွေ တရုန်းရုန်းနဲ့ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာကို ဂျာဟီး မြင်တွေ့ခဲ့ပါတယ်။

ဒါနဲ့ ဘာဖြစ်နေတာလဲ သိချင်တာနဲ့ ဂျာဟီးဟာ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့နေရာကို သွားပြီး စနည်းနာကြည့်တော့ အဆောက်အဦရဲ့ ၃ လွှာအမြင့်က ခါးပန်းဘောင်ပေါ်မှာ ကလေးငယ်လေးတယောက် ရပ်နေတာကို အံ့အားတသင့်နဲ့ မြင်လိုက်ရပါတယ်။

ရင်ထိတ်စရာ အခြေအနေမှာပဲ စင်ကာပူနိုင်ငံမှာ ၁၇ နှစ်ကြာ နေထိုင်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ ဂျာဟီးဟာ ချက်ချင်းပဲ တခုခုကူညီဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံသားဖြစ်တဲ့ ကိုစသူရအောင်နဲ့အတူ လက်တွဲကာ Block 350C Canberra Road အဆောက်အဦရဲ့ တတိယထပ် ခါးပန်းအစွန်းပေါ်က အချိန်မရွေး အောက်ကိုပြုတ်ကျပြီး အသက်အန္တရာယ်ကျရောက်နိုင်တဲ့ ၃ နှစ်အရွယ် သားငယ်ကလေးကို ကယ်တင်ခဲ့ကြပါတယ်။

သူတို့ရဲ့ စွန့်စားဝံ့တဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် သူတို့နှစ်ဦးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ စင်ကာပူအရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က  ယီရွှန်းမြို့မှာရှိတဲ့ အမှတ် ၃ SCDF ဌာနချုပ်ရုံးမှာ လူမှုအသက်ကယ်ဆု Community Lifesaver Award ကို အောက်တိုဘာလ ၂၅ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ လူမှုအသက်ကယ်ဆု ဆိုတာကတော့ ပြည်သူတွေရဲ့အသက်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကူညီကယ်တင်ပေးရာမှာ ပါဝင်တဲ့ အရပ်သားပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

၃ လွှာအမြင့်က ပြတင်းပေါက်ရဲ့ အပြင်ဘက် အောက်နားအစွန်းမှာ ရပ်နေတဲ့ ကလေးငယ်ကို ရဲအရာရှိတွေ ရောက်မလာခင်မှာ ဂျာဟီးနဲ့ ကိုစသူရအောင်တို့က စွန့်စွန့်စားစားနဲ့ ကယ်တင်ပြီး ဘေးကင်းရာ ပို့ဆောင်ပေးခဲ့ပုံကို ပြသထားတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ တိုက်ရဲ့အောက်ခြေမှာလည်း ပြည်သူတွေဟာ စိုးရိမ်တကြီးနဲ့ ကြည့်နေကြပြီး ကလေးငယ် ပြုတ်ကျလာရင် ဖမ်းဖို့အတွက်လည်း စောင်တထည်ကို ဖြန့်လျက် ကိုင်ထားကြပါတယ်။

ကျနော့်သားလေးများ ဖြစ်ခဲ့မယ်ဆိုရင်

ခါးပန်းစွန်းပေါ်က ကလေးငယ်ကို မြင်လိုက်ရတဲ့အချိန်မှာ မစ္စတာ ဂျာဟီးဟာ ၃ လွှာအမြင့်က ကလေးငယ်ရှိရာ တိုက်ခန်းဆီကို ပြေးတက်သွားခဲ့ပြီး အိမ်ထဲမှာ တယောက်ယောက်ရှိလိုရှိငြား တံခါးအချက်ပေး ခေါင်းလောင်းကိုတီး၊ တံခါးမကြီးကို တဒုန်းဒုန်းနဲ့ ထုရိုက်ခဲ့ပါတယ်။

အခန်းထဲကနေ တုံ့ပြန်သံ မကြားရတဲ့အခါမှာ အသက် ၃၄ နှစ်အရွယ် ဂျာဟီးဟာ ဘေးချင်းကပ်မှာရှိတဲ့ လှေကားခွင်ကနေ ကလေးငယ်ရှိရာကို တက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူဝတ်ထားတဲ့ ဂျင်းဘောင်ဘီက ကျပ်နေတာလည်း ပါတော့ အပေါ်ကို မတက်နိုင်ခဲ့ပါဘူး။ ဒါနဲ့ အောက်ထပ်ကို ပြန်ဆင်းပြီး ဘယ်လိုလုပ်ရမလဲ အကြံအိုက်နေတုန်းမှာပဲ ကလေးငယ်ကို ကူညီကယ်တင်ပေးမယ့် ကိုစသူရအောင်ဟာ အဲဒီနေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာပါ။

စင်ကာပူနိုင်ငံမှာ ဆေးသုတ်သမားအဖြစ် အလုပ်လုပ်ကိုင်နေတာ ၁ နှစ်နဲ့ ၃ လကြာ ရှိနေပြီဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုစသူရအောင်ဟာ ဝုဒ်လန်းစ်မှာရှိတဲ့ သူနေထိုင်ရာ အဆောင်ကနေ ဘုရားကျောင်းတခုကိုသွားရင်း လူတွေ အုတ်အုတ်သဲသဲ ဖြစ်နေတာကို သတိထားမိပြီး ဘာဖြစ်နေတာလဲ သိချင်တာနဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဂျာဟီးနဲ့ ကိုစသူရအောင်တို့ဟာ ဘေးချင်းကပ်က ဒုတိယထပ်အထိ နှစ်ယောက်အတူ တက်သွားခဲ့ကြပြီး အဲဒီနေရာကနေမှ နောက်တဆင့် တတိယထပ်ကိုရောက်အောင် ဂျာဟီးက သူ့ထက် ခန္ဓာကိုယ် သေးငယ်ပေါ့ပါးတဲ့ ကိုစသူရအောင်ကို ပင့်တင်ပေးခဲ့ပါတယ်။ အခုမှ စတွေ့ဖူးကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာသာစကား အခက်အခဲ ရှိနေပေမဲ့လည်း ကလေးငယ်ကို ကယ်တင်နိုင်ဖို့အတွက် နှစ်ယောက်သား တက်ညီလက်ညီနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။

“ကလေးငယ်ကို လှမ်းမြင်လိုက်ရတဲ့အချိန်မှာ တကယ်လို့ ဒီနေရာမှာ ငါ့သားလေးများ ဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့ ဖခင်တယောက်ရဲ့ စိုးရိမ်ပူပန်စိတ်နဲ့ ကလေးငယ်ကို ကူညီကယ်တင်ဖို့ ကြိုးစားခဲ့တာ” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ ၇ နှစ်အရွယ် သူ့ရဲ့သားလေးကို သတိရအောက်မေ့ရင်း ဂျာဟီးက ပြောပြခဲ့ပါတယ်။

သူ့လက်ကလေးများဟာ အေးစက်လို့

ကိုစသူရအောင်ဟာ ကိုယ်ပြုတ်ကျမယ့်အရေးထက် ကလေးငယ်ပြုတ်ကျမယ့်အရေးကို တွေးပူရင်း ကျဉ်းမြောင်း သေးငယ်လှတဲ့ အစွန်းဘောင်လေးပေါ်ကနေ ကလေးငယ်ရှိရာကို ခဲရာခဲဆစ် သွားရောက်ပြီး ကလေးငယ်ကို ပွေ့ချီကာ ပြတင်းပေါက်ကနေတဆင့် အိမ်ခန်းထဲကို ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကလေးက အရမ်းကို ကြောက်နေပြီးတော့ သူ့လက်ကလေးတွေကလည်း အေးစက်နေတာ။ ကလေးက ကြောက်တဲ့စိတ်နဲ့ တုပ်တုပ်မှမလှုပ်ဘဲ တောင့်တောင့်လေး ရပ်နေတာ။ ပြီးတော့ ငိုလည်းမငိုဘူး၊ တချိန်လုံး စကားတခွန်းမှလည်း မပြောဘူး” လို့ ကိုစသူရအောင်က ပြန်ပြောင်း ပြောပြပါတယ်။

ကလေးငယ် အဲဒီနေရာမှာ ပိတ်မိနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ခေါင်းထဲမှာ ဘာမှကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကူညီပေးဖြစ်ခဲ့တာလို့ ကိုစသူရအောင်က ပြောပါတယ်။ သူ အခုလို စွန့်စားမိတာဟာ သူ့မှာလည်း ၆ နှစ်အရွယ် တူမလေးနဲ့ ၄ နှစ်အရွယ် တူလေးရှိတဲ့အတွက် သူတို့ကိုလည်း အလားတူအန္တရာယ်ရှိတဲ့ အခြေအနေမျိုး မကြုံစေချင်တဲ့စိတ်ကြောင့် ဖြစ်မယ်ထင်တယ်လို့ ကိုစသူရအောင်က ထပ်ပြီး ပြောပြပါတယ်။

ဒါ့အပြင် သူတို့ကို လန့်ပြီး ကလေးငယ် မတော်တဆ ပြုတ်ကျသွားမှာကို နှစ်ယောက်သား စိုးရိမ်မိခဲ့ကြပေမဲ့ ကလေးငယ် ပြုတ်ကျလာရင် စောင်နဲ့ဖမ်းဖို့ အောက်မှာလည်း လူတွေက စိုးရိမ်တကြီးနဲ့ စောင့်နေကြတာ မြင်ရတဲ့အတွက် အနည်းငယ်တော့ စိတ်သက်သာရာ ရမိတယ်လို့ ကိုစသူရအောင်နဲ့ ဂျာဟီးတို့က ဆိုပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဆုလက်ခံရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိသလို ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိတဲ့အကြောင်း သူတို့နှစ်ယောက်က ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ SCDF အဖွဲ့နဲ့ မချိတ်ဆက်မိခင်အချိန်ထိ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက အစောပိုင်းမှာ သိပ်ပြီး သတိမထားမိခဲ့ကြဘူးလို့ SCDF ရဲ့ အမှတ် ၃ ဌာနခွဲ အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး ရှာဖီ ရာဖီက ပြောပါတယ်။

SCDF မှ ဗိုလ်မှူးကြီး လင်မ် ဘန် ဟွေး ကလည်း တန်ဖိုးရှိတဲ့ အသက်တချောင်းကို ကယ်တင်ခဲ့တဲ့ မစ္စတာ သူရနဲ့ မစ္စတာ ဂျာဟီးတို့ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ တကယ့်ကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပြီး သူတို့နှစ်ဦးရဲ့ ပြည်သူ့သားကောင်းစိတ်ဓာတ်ရှိတဲ့ လုပ်ရပ်ဟာ တခြားသူတွေအတွက် အများအကျိုးကို ရွက်သယ်ပိုးဖို့ စံနမူနာကောင်းတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ကလေးငယ်ရဲ့ အုပ်ထိန်းသူလို့ ယူဆရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကို နမော်နမဲ့နိုင်မှု၊ ပေါ့လျော့မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။

မစ္စတာ ဂျာဟီးကတော့ ကလေးငယ်ရှိတဲ့ မိသားစုတွေအနေနဲ့ ပိုမို သတိရှိကြဖို့၊ အိမ်ထဲမှာ ကလေးငယ် ရှိနေတယ်ဆိုရင် ပြတင်းပေါက်တွေကို သေချာဂရုတစိုက် ပိတ်ကြဖို့နဲ့ ဒီတကြိမ်မှာ တစုံတယောက်က သွားရင်းလာရင်း သတိထားမိပေမဲ့ နောက်နောင် ဘယ်သူမှ သတိမထားမိတဲ့အချိန်ဆို ကလေးငယ်ဟာ ပြုတ်ကျပြီး သေဆုံးသွားနိုင်တယ်လို့ ကလေးမိဘတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ရာစုသစ်

Ref : CNA

Photo : CNA

(စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ Fabian Koh ရေးသားထားတဲ့ ‘It could have been my child’: Bangladeshi lorry driver one of two foreign workers awarded for rescuing boy from window ledge”  သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013