DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း အရေးပါသည့် ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်
DVB
·
October 31, 2024
ဖာပွန်ခရိုင်အတွင်း အရေးပါသည့် ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာနဲ့ တပ်စခန်းတွေအတွက် အရေးပါတဲ့ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက DVB ကို ပြောပါတယ်။

ဖာပွန်(မူတြော်)ခရိုင်မြောက်ပိုင်း၊ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေက စစ်ရေးလှုပ်ရှားတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဧပြီ ၂၄ ရက်ကတည်းက အကြီးဆုံးစခန်းတွေဖြစ်တဲ့ ဖာပွန်ဗျူဟာနဲ့ ခေါပုတ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့ တွေက ဝိုင်းဝန်းပိတ်ဆိုပြီး တိုက်ခိုက်နေတာပါ။

အောက်တိုဘာ ၂၄ ရက်ကစတင်ပြီး စစ်ကောင်စီအင်အား ၂၀၀ လောက်ရှိတဲ့ ခေါပုတ်စခန်းကို စနိုက်ဘာ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီဗျူဟာနဲ့ တပ်စခန်းတွေအတွက် အရေးပါတဲ့ ခေါပုတ်စခန်းကျသွားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ရေးရာ ကျဆင်းသွားနိုင်တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ခေါပုတ်စခန်းက စစ်ကောင်စီအတွက် အဓိကကျတဲ့ စခန်းတခုဖြစ်တယ်။ ဘာဖြစ်လဲဆို အရင်တုန်းက ဖာပွန်မြို့မှာရှိတဲ့ တပ်ရင်းဌာနချုပ်တွေကို ခေါပုတ်စခန်းက အကာအကွယ်လိုဖြစ်နေတာ။ တဘက်မှာလည်း ရှေ့တန်းဖြစ်တဲ့ သံလွင်မြစ်ကမ်းတလျှောက်ရှိတဲ့ စခန်းတွေအတွက်လည်း ခြေကုပ်စခန်းကြီး ဖြစ်နေတယ်။ လက်ရှိကျန်နေတဲ့ ဗျူဟာစခန်းကလည်း ခေါပုတ်စခန်းက သူတို့အင်အားဖြစ်နေတဲ့အပေါ်မှာ အခု စခန်းကျသွားတော့ စိတ်ဓာတ်ရေးရာအရ ကျသွားတာ နည်းနည်းပါးပါးရှိမယ်လို့ သုံးသပ်ရတယ်။”

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိပြီ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပါတယ်။

ဒါ့အပြင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနား ကျေးရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ KNU ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ဖာပွန်မှာရှိတဲ့သူတွေနဲ့ အဆက်အသွယ်တွေ ပြတ်ကုန်ပြီ။ တချိန်လုံး လေယာဉ်နဲ့ လာကြဲတော့ အကုန်လုံး တောထဲရောက်ကုန်ပြီ။ စခန်းသိမ်းပြီးလည်း ပြန်နေလို့တော့ မရသေးဘူး။ လေယာဉ်တွေကြဲဖို့ သွားမှာ။ မင်းအောင်လှိုင်လေယာဉ်က  တချိန်လုံး လေယာဉ်သွားနေတာ။ ဘယ်က ပြန်သွားရဲမလဲ။ စခန်းတွေသိမ်းလို့ ကုန်သွားရင် စစ်ကောင်စီမရှိတော့ရင် နေလို့ ထိုင်လို့အဆင်ပြေသွားပြီ။ တော်လှန်ရေးအဖွဲ့တွေကို ကျန်တဲ့စခန်းတွေကိုပါ မြန်မြန်တိုက် မြန်မြန်ပြီး အေးသွားတာပေါ့။ မြန်မြန်လေး ပေးတိုက်စေချင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီအတွက် အရေးပါတဲ့ ခေါပုတ်စခန်းကို ၁၉၉၂ ခုနှစ်က စတင်တည်ဆောက်ပြီး အခြေစိုက်ခြေကုပ်ယူခဲ့တဲ့ တပ်စခန်းကြီး ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေက ဘူးသိုမြို့နယ်၊ ခေါပုတ်ကျေးရွာအုပ်စု၊ ခေါပုတ်ကျေးရွာနဲ့ ပါဟိုက်ကျေးရွာအုပ်စု၊ ဆောဘွဲဒဲကျေးရွာကို  စစ်ကောင်စီက လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချပြီး   Y-12 နဲ့ ဗုံးအလုံး ၁၀၀ နီးပါးကြဲချခဲ့တဲ့အပြင်  စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်  ကျောင်းအဆောက်အဦ ၁ လုံးနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013