DVB Logo
Home
နိုင်ငံတကာ
ထိုင်းရဲကော်မရှင် ဥက္ကဋ္ဌ၏သမီး ကျားဖြန့်ဂိုဏ်း ငွေလိမ်ခြင်းခံရပြီး ဘတ် ၆ သိန်းခွဲ ဆုံးရှုံး 
DVB
·
October 31, 2024
ထိုင်းရဲကော်မရှင် ဥက္ကဋ္ဌ၏သမီး ကျားဖြန့်ဂိုဏ်း ငွေလိမ်ခြင်းခံရပြီး ဘတ် ၆ သိန်းခွဲ ဆုံးရှုံး 
Donate to DVB

ထိုင်းရဲကော်မရှင်နဲ့ ဒီမိုကရက်ပါတီ ဒုဥက္ကဋ္ဌရဲ့ သမီးဖြစ်သူ တက္ကသိုလ်ကျောင်းသူ  တယောက်ဟာ ကော်လ်စင်တာ (ကျားဖြန့်) ဂိုဏ်းရဲ့ လိမ်လည်မှုကို ခံရပြီး ဘတ်ငွေ ၆ သိန်းခွဲ ဆုံးရှုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ကျူလာလောင်ကွန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သမီးထံကို ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ကိုယ်သူ DSI အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဒုရဲမှူး အဒီးဆဒ် ဆွန်ဘိုပါလို့ မိတ်ဆက်ပြီး သမီးဖြစ်သူဟာ အမှုတခုနဲ့ပတ်သက်နေတယ်လို့ စစ်ဆေးတွေ့ရှိတယ်၊ အဲဒီအမှုကနေ လွတ်ကင်းအောင် ဆောင်ရွက်ပေးမယ်လို့ LINE Application ကနေ ဆက်သွယ်လာတယ်လို့  ထိုင်းရဲကော်မရှင်ဥက္ကဋ္ဌ နိုင်းချိုင်းချန ဒစ်ဒေးချိုးက အောက်တိုဘာ ၃၀ ရက်က သတင်းထောက်တွေကို ပြောပါတယ်။ 

အမှုကနေ လွတ်ကင်းချင်ရင် ဘတ် ၆ သိန်းခွဲပေးရမယ်၊ မပေးရင်တော့ သတင်းထုတ်ပြန်ရလိမ့်မယ်၊ မိဘဆွေမျိုးအသိုက်အဝန်း သိက္ခာကျမယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ သမီးနဲ့ လိုင်းပေါ်မှာ ဗွီဒီယိုကော်လ်ခေါ်စဉ် ရဲအရာရှိဝတ်စုံဝတ်ထားတယ်၊ သမီးကလည်း ကြောက် လန့်ပြီး အိမ်ကို အသိမပေးရဲ၊ အဖေထံကျောင်းလခပေးမယ်လို့ပြောပြီး လိမ်တောင်းတာ ဘတ် ၂ သိန်းကို ၂ ခါ လွှဲပေးခဲ့တယ်၊ အဲဒါနဲ့မလောက်တော့ နခွန်းဆီထမရတ်ခရိုင်က အဘိုးနဲ့အဘွားဆီ သွားတောင်းပြီး တောင်းတဲ့အတိုင်း အကုန်လွှဲပေးခဲ့တယ်၊ အားလုံး ၆ သိန်းခွဲ။  ငွေလွှဲပြီးတဲ့နောက် အဆက်အသွယ်မရတော့လို့ သမီးက အလိမ်ခံရတာကို သိသွားပြီးမှ မိဘကို ဖွင့်ပြောတယ်။ အခု နခွန်းဆီထမရတ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ကော်လ်စင်တာလိမ်လည်မှုတွေ နေ့တိုင်း ရှိနေတယ်၊ လိမ်လည်သူတွေဟာ မိမိရဲ့ မောင်နှမဆွေမျိုးသားချင်းတွေ အလိမ်ခံရရင် ဘယ်လိုနေမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ၊ မိမိအလှည့်ရောက်မှ သိမှာလား၊ ဒီလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချတယ်၊  ကော်လ်စင်တာ လိမ်လည်မှု အမြစ်ပြတ်ပပျောက်ဖို့ ထိုင်းရဲချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်မှာလည်း တာဝန်ရှိတယ်၊ လွှတ်တော်အစည်းအဝေးထဲမှာလည်း တင်ပြမယ်လို့ နိုင်းချိုင်းချနက ပြောသွားပါတယ်။ 

ငွေလိမ်ဂိုဏ်းတွေဟာ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ လိမ်လည်ရာမှာ ချချိန်းဆောင်းခရိုင် ဖနွန် ဆာရခန်းမြို့နယ်က အခြေခံလူတန်းစားအချို့လည်း အလိမ်ခံရတယ်လို့ ချနယ်လ် ၃ ထိုင်းသ တင်းမှာ ဖော်ပြပါတယ်။ 

နောင်ယောင်းရွာက ကန်စွန်းရွက်ရောင်းသူတဦးဟာ သူ့ဘဝမှာ ငွေ ၁၀၀၀၀ ပြည့်အောင် မကိုင်ဖူးဘူး၊ အစိုးရက ဆင်းရဲသားထောက်ပံ့ကြေး တယောက် တသောင်းစီ ထုတ်ပေးတော့ သုံးဘီးဆိုင်ကယ်တစီးလောက် ဝယ်ဖို့ စိတ်ကူးတယ်၊ အွန်လိုင်းထဲကနေ ကြော်ငြာတဲ့ တပတ်ရစ်ဆိုင်ကယ်မှာ ဘတ် ၇ ထောင်သာကျလို့ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဆိုင်က သယ်ယူ ပို့ဆောင်ခ၊ အခွန်ဆောင်ခ၊ အမည်လွှဲပြောင်းခ၊ ဆိုင်ကယ်ပို့စဉ် လမ်းမှာ အပျက်အစီးမရှိစေဖို့ အာမခံခတွေ ကြိုတောင်းတယ်၊ အာမခံကြေးတော့ ဆိုင်ကယ်ရရင် ပြန်ပေးမယ်လို့ ပြောတယ်၊ ငွေ ၁၀၀၀၀ နီးပါးလွှဲပြီးခါမှ ဆက်သွယ်လို့ မရတော့ဘူး၊ ဆိုင်ကယ်လည်း မရဘူး၊ ဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်ကလည်း အတုကြီးလို့ ဆိုပါတယ်။ 

အလားတူ နောက်ထပ်ရွာသား ၂ ယောက်လည်း ဆိုင်ကယ်ဝယ်ဖို့ အကြောင်းအမျိုးမျိုးပြပြီး ငွေအရင်ကြိုပို့ခိုင်းတယ်၊ သူတို့ကတော့ အလိမ်ခံရမှာစိုးလို့ ငွေလွှဲမပေးဘဲ ယူလည်းမယူတော့ဘူးလို့ ပြောလိုက်ကြောင်း သတင်းမှာဖော်ပြသွားပါတယ်။ 

Source-Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013