DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဟု လက်ဘနွန်ဝန်ကြီးချုပ် ပြော
DVB
·
October 31, 2024
အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဟု လက်ဘနွန်ဝန်ကြီးချုပ် ပြော
Donate to DVB

အစ္စရေးရဲ့ အများပြည်သူဆိုင်ရာ ကန်ရုပ်သံလွှင့်ဌာနကနေ ကနဦး ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ထုတ်ပြန်ခဲ့ပြီးနောက်မှာ လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီက အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရက်ပိုင်းအတွင်း ကြေညာနိုင်လိမ့်မယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။

လက်ဘနွန် အိမ်စောင့်ဝန်ကြီးချုပ် မီကာတီကတော့ သူ့အနေနဲ့ အင်္ဂါနေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးတဲ့အထိ သဘောတူညီချက်တခု ဖြစ်နိုင်ဦးမယ်လို့ မယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ကြာသပတေးနေ့မှာ အစ္စရေးကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် အာမို့စ် ဟို့ချ်စတိုင်းန်နဲ့ ဗုဒ္ဓဟူးနေ့က စကားပြောအပြီးမှာ သူပိုပြီး အကောင်းမြင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်က ပေါက်ကြားလာတဲ့ အဆိုပြုချက်ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ ဒီစာရွက်စာတမ်းထဲမှာ ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး ပထမပတ်အတွင်း အစ္စရေးက သူ့တပ်ဖွဲ့တွေကို လက်ဘနွန်မှ ဆုတ်ခွာသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ခုအပေါ် အခြေခံပြီး ရိုက်တာက အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အတော်များများ ကိုက်ညီမှုရှိပါတယ်။

ကန်ရုပ်သံဌာနက ထုတ်ပြန်ထားတဲ့ စာတမ်းမူကြမ်းဟာ စနေနေ့ရက်စွဲ ရေးထိုးထားတာဖြစ်ပြီး အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ရှောင်န် ဆဗက်တ်က “အစီရင်ခံစာတွေနဲ့ မူကြမ်းတွေက ပျံနှံ့နေပေမဲ့လည်း လက်ရှိညှိနှိုင်းမှု အခြေအနေနဲ့ ကိုက်ညီမနေဘူး”လို့ ပြောပါတယ်။

ဒါပေမဲ့ ကန်ရုပ်သံဌာနက ထုတ်ပြန်ထားတဲ့ ဗားရှင်းကတော့ အနည်းဆုံး နောက်ထပ် ညှိနှိုင်းမှုတွေအတွက် အခြေခံဖြစ်မဖြစ် မေးခွန်းကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

အစ္စရေးကွန်ရက်က အဲဒီမူကြမ်းကို အစ္စရေးခေါင်းဆောင်တွေဆီ တင်ပြခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စရေး တာဝန်ရှိသူတွေကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။

ဟစ်ဇ်ဘိုလာကလည်း ပေါက်ကြားလာတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။

ဒါပေမဲ့လည်း အစ္စရေးက စစ်ပွဲကို ရပ်တန့်ချင်တယ်ဆိုရင် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဟာ တချို့ ကန့်သတ်ချက်ဘောင်တွေအတွင်းကနေ အပစ်အခတ် ရပ်စဲရေးကို သဘောတူမှာဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ ခေါင်းဆောင်သစ် နာအီးမ် ကက်ဆမ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးက ခုချိန်ထိ ဆွေးနွေးနိုင်တဲ့ ဘာအဆိုပြုချက်ကိုမှ သဘောတူခြင်း မရှိသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013