DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူနေ၊ နိုင်ငံရေးအမြတ်ထုတ်မှာကို စိုးရိမ်
DVB
·
October 30, 2024
အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူနေ၊ နိုင်ငံရေးအမြတ်ထုတ်မှာကို စိုးရိမ်
Donate to DVB

အကျဉ်းထောင်တွေထဲက  အကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီက ကောက်ယူနေပြီး  နိုင်ငံရေးအကျိုးအမြတ်ရဖို့အတွက် အသုံးပြုသွားမှာကို စိုးရိမ်နေတယ်လို့  နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောပါတယ်။  

မြန်မာနိုင်ငံတဝန်းလုံးက စစ်ကောင်စီရဲ့ လက်အောက်ခံ အကျဉ်းထောင်တွေမှာ စက်တင်ဘာလက တည်းကစပြီး အကျဉ်းသားတွေရဲ့ အချက်အလက်ကို သန်းခေါင်စာရင်းကောက်တဲ့ပုံစံမျိုး ကောက်ယူတာလို့ (PPNM) က အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲကို စရောက်ပြီဆိုတာနဲ့ အကျဉ်းသားဖြစ်ကြောင်း အချက်အလက် ၃၂ ချက်ကို ကောက်ယူထားပြီး ဖြစ်ပေမဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ အကျဉ်းသားတွေရဲ့ အချက်အလက်တွေ ထပ်မံကောက်ယူနေတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ သံသယတွေရှိနေပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

PPNM  ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အကျဉ်းထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အထူးသဖြင့် စိုးရိမ်မှု ၂ ချက်တော့ ရှိပါတယ်။ ပထမ တချက်ကတော့ သူတို့တွေရဲ့ ဒေတာ အချက်အလက်တွေနဲ့ တချို့အမှတ်အသားပေါ့နော်၊ သူတို့ရဲ့ လက်မှတ်တွေ၊ သူတို့ရဲ့ အချက်အလက်တွေ အသုံးပြုပြီးမှ စစ်ကောင်စီက နိုင်ငံရေးအကျိုးအမြတ် ထုတ်သွားမှာကို စိုးရိမ်ကြတဲ့ စိုးရိမ်ချက်တွေ ရှိကြတယ်ပေါ့နော်။ နောက်တခုကတော့ လက်ရှိမှာ စစ်မှုထမ်း ဥပဒေကလည်း ရှိနေတော့ စစ်မှုထမ်းဖို့များ ကောက်နေတာလားဆိုတဲ့ စိုးရိမ်စိတ်တွေကတော့ ရှိနေပါတယ်ဗျ။ အဓိက စိုးရိမ်မှုကတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်မှုကတော့ သူတို့ရဲ့ အချက်အလက်တွေ၊ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီးတော့ စစ်ကောင်စီက နိုင်ငံရေးအကျိုးအမြတ်ရဖို့ အသုံးပြုသွားတဲ့ နေရာတွေမှာ သူတို့တွေရဲ့ အချက်အလက်တွေကို အဓိက အသုံးပြုသွားမှာကိုတော့ ပိုပြီးမှ စိုးရိမ်တဲ့ အခြေအနေမှာတော့ ရှိနေပါတယ်ဗျ။”

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လက်ရှိမှာ စစ်မှုထမ်း ဥပဒေမှာ အသုံးပြုသွားဖို့တော့ ရာခိုင်နှုန်း နည်းကြောင်း ကိုသိုက်ထွန်းဦးက သုံးသပ်ပြောဆိုခဲ့ပြီး တခြား ရာဇဝတ်အကျဉ်းသားတွေကိုတော့ ပြစ်ဒဏ် လျှော့ပေါ့ပေးမယ်ဆိုပြီး စစ်မှုထမ်းဖို့ စည်းရုံးလှုံ့ဆော်နေတာမျိုးတွေ ရှိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့“အဲ့ဒါကတော့ သူတို့ရဲ့ နောက်ဆုံး လက်နက်ပဲလေ၊ ရုရှားမှာလည်း ဒီအတိုင်းပဲလေ၊ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ စစ်တိုက်ခိုင်း၊ ဗမာပြည်မှာလည်း အကြိမ်ကြိမ်ပဲလေ။ ဒီတခါမှ မဟုတ်တော့ဘူး။ အကြိမ်ကြိမ်လေ၊ ထောင်ထဲက ရာဇဝတ်သားတွေကို ခေါ်ထုတ်ပြီးတော့ စစ်ထဲ စစ်မှုထမ်းခိုင်းတာလေ။ အဲ့ဒါကတော့ စစ်အာဏာရှင်တွေရဲ့ နောက်ဆုံး လက်နက်ပေါ့ကွာ၊ လုပ်မိလုပ်ရာ လုပ်နေကြတာပေါ့။”

PPNM က အောက်တိုဘာ ၃၀ ရက်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ အကျဉ်းထောင် ၁၅ ခုလောက်ကို သန်းခေါင်စာရင်းကောက်သလိုမျိုး အချက်အလက် ကောက်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းကောက်ယူခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးတဲ့သူတွေကို အောက်တိုဘာ ၃၁ ရက်အထိ ရက်ထပ်တိုးပြီး ကောက်ယူသွားမယ်လို့ အောက်တိုဘာ ၁၆ ရက်က ကြေညာခဲ့ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013