
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ပြည်တော်သာရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ထောက်ပံ့ကြေး ပေးမယ်လို့ မက်လုံးပေးပြောဆိုပြီး အရပ်သား အယောက် ၁၀၀ လောက်ကို ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မနေ့နေ့လယ် ၁၂ နာရီကနေ ၃ နာရီအတွင်း ချမ်းမြဝတီရပ်ကွက်နဲ့ ပြည်တော်သာ ရပ်ကွက်ကြားမှာ ရှိတဲ့ သာစည်လမ်းမကြီးဘေးဝဲယာနဲ့ အောင်သုခဆန်စက်နားမှာ စောင့်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရသူအများစုဟာ လူငယ်အများစုဖြစ်တယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ ကြေးပေးမယ်ဆိုလို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်မှာ အိမ်ထောင်စုဇယားသွားထပ်ကြတဲ့ ပြည်သူတွေကို လမ်းတခုလပ်တနေရာကနေ စောင့်ဖမ်းတာလို့ ပြည်တော်သာ ရပ်ကွက်မျက်မြင်တွေ့သူ တယောက်က ပြောပါတယ်။
“စစ်တပ်အထိုင်ချထားတဲ့ ပညာရး ကောလိပ် (TTC) ကျောင်း မြောက်ဘက် စိန်လင်းလက်စက်သုံးဆီ အရောင်းဆိုင်အနီးမှာ ရှိတဲ့ ပြည်တော်သာအုပ်ချုပ်ရေးမှူးအိမ်မှာ ရပ်ကွက်အတွင်းက ပြည်သူတွေကို ထောက်ပံကြေး ပေးမယ်ဆိုလို့ အိမ်ထောင်စုစာရင်းတွေသွား ထပ်နေကြတာကို ဝင်ဖမ်းတာ။”
ဒါ့အပြင် ပြည်တော်သာရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်မှာ ဆီထုတ်ယူဖို့ တန်းဆီနေတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
မုံရွာမြို့ခံတယောက်က “ဒါကြီးကသိသာနေတာ။ သူတို့က အိမ်အပြင် မထွက်တဲ့ ပြည်သူတွေကို အိမ်အပြင်ထွက်လာအောင် ထောက်ပံကြေးကို ဟန်ပြ ဗန်းပြပြီး ထွက်လာအောင်လုပ်တာ။ နောက်ပြီးမှ အခုလို ဖမ်းတာပဲ။ အ တဲ့သူ ခံရမယ်” လို့ ပြောပါတယ်။










