DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာခေါင်းဆောင်သစ်အဖြစ် နာအီးမ် ကက်ဆမ်ကို အမည်တင်သွင်း
DVB
·
October 30, 2024
ဟစ်ဇ်ဘိုလာခေါင်းဆောင်သစ်အဖြစ် နာအီးမ် ကက်ဆမ်ကို အမည်တင်သွင်း
Donate to DVB

လက်ဘနွန်လက်နက်ကိုင် ဟစ်ဇ်ဘိုလာအုပ်စုဟာ နာအီးမ် ကက်ဆမ်ကို အဖွဲ့ရဲ့ ခေါင်းဆောင်သစ်အဖြစ် အောက်တိုဘာ ၂၉ ရက်မှာ နာမည်တင်သွင်းခဲ့ပြီး အစ္စရေးကတော့ သူ့ရာထူးကလည်း ခဏတာပါပဲလို့ ပြောကြားလိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ တလကျော်လောက်က ဘေရွတ်မှာ ခေါင်းဆောင်ဟောင်း ဟက်ဆန် နက်စ်ရယ်လာကို သတ်ဖြတ်လိုက်ပြီးနောက် ထင်ရှားတဲ့ ခြိမ်းခြောက်မှုတခုလည်း ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က လူမှုမီဒီယာ X မှာ ကက်ဆမ်ရဲ့ ဓာတ်ပုံနဲ့အတူ “ယာယီခန့်အပ်မှုပါပဲ။ သိပ်မကြာပါဘူး” ဆိုပြီး တင်ခဲ့တာပါ။

အစောပိုင်းတုန်းက အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာက သူ့ရဲ့ ရှူရာကောင်စီဟာ အထွေထွေအတွင်းရေးမှူးကို ရွေးချယ်ရာမှာ ကောင်စီက ချမှတ်ထားတဲ့ ယန္တရားနဲ့အညီ အသက် ၇၁ နှစ်ရှိ ကက်ဆမ်ကို ရွေးချယ်ခဲ့ကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။

ကက်ဆမ်ကို ၁၉၉၁ ခုနှစ်က ဟစ်ဇ်ဘိုလာရဲ့ လက်ထောက်အကြီးအကဲအဖြစ် ကွယ်လွန်သူ အတွင်းရေးမှူးချုပ်ဟောင်း အက်ဘာ့စ် အယ်လ်-မူဆာဝီက ခန့်အပ်ခဲ့တာပါ။

နက်စ်ရယ်လာ ခေါင်းဆောင်ဖြစ်လာချိန်မှာ ကက်ဆမ်ဟာ သူ့ရဲ့ရာထူးမှာပဲ ဆက်ရှိနေခဲ့ပြီး ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူတယောက် ဖြစ်လာခဲ့ကာ နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာဗျူးတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ နက်စ်ရယ်လာနဲ့ ဆက်ခံမယ့် အလားအလာရှိသူ ဟာရှမ် ဆာဖီယက်ဒင်တို့ သေဆုံးခဲ့ပြီးချိန် အောက်တိုဘာ ၈ ရက်က ကက်ဆမ်ဟာ ရုပ်မြင်သံကြားမိန့်ခွန်း ၃ ခုကို ပြောကြားခဲ့ရာမှာ လက်ဘနွန်အတွက် အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ကြိုးပမ်းမှုတွေကို လက်နက်ကိုင်အဖွဲ့က ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

လူအများကတော့ ကက်ဆမ်ဟာ နက်စ်ရယ်လာရဲ့ အရှိန်အဝါနဲ့ ဩဇာတိက္ကမမျိုး မရှိဘူးလို့ ယူဆကြပါတယ်။

အစ္စရေးအစိုးရကတော့ X လူမှုကွန်ရက်က တရားဝင် အာရဗီအကောင့်မှာ “တကယ်လို့ သူဟာ သူ့ရဲ့ ရှေ့ခေါင်းဆောင်တွေဖြစ်တဲ့ ဟက်ဆန် နက်စ်ရယ်လာနဲ့ ဟာရှမ် ဆာဖီယက်ဒင် တို့ရဲ့ ခြေရာအတိုင်း လိုက်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့ရဲ့ သမိုင်းမှာ သူ့ရာထူးသက်တမ်းဟာ အတိုဆုံး ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

“လက်ဘနွန်မှာ ဒီအဖွဲ့အစည်းကို စစ်အင်အားအဖြစ်ကနေ ဖျက်သိမ်းဖို့ကလွဲလို့ အဖြေမရှိဘူး” လို့လည်း ဖော်ပြထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013