DVB Logo
Home
နိုင်ငံတကာ
အီရန်က စစ်ရေးအသုံးစရိတ် ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်
DVB
·
October 30, 2024
အီရန်က စစ်ရေးအသုံးစရိတ် ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်
Donate to DVB

အရှေ့အလယ်ပိုင်း ဒေသတွင်းရန်ဘက် အစ္စရေးနဲ့ တင်းမာမှု မြင့်တက်လာတာနဲ့အမျှ အီရန်ဟာ နိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ၃ ဆအထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၉ ရက်မှာ အတည်ပြုပါတယ်။

အီရန်လွှတ်တော်ကို အစိုးရကတင်သွင်းခဲ့တဲ့ အဆိုပြုချက်ထဲမှာ ဒီကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့လည်း ပါဝင်တယ်လို့ အမျိုးသမီး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလိုမျိုး အဆိုတင်သွင်းခဲ့တဲ့ ကာကွယ်ရေးဘတ်ဂျက်ဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက် လိုအပ်တဲ့အလျောက် အချေအတင် ဆွေးနွေးရဖို့ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်ရဲ့  မတ်လလောက်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

၂၀၂၂ ခုနှစ်မှာ အီရန်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဒေါ်လာ ၆ ဒသမ ၈၅ ဘီလီယံကနေ ၁၀ ဒသမ ၃ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့တယ်လို့ နောက်ဆုံးရ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တဖက်မှာလည်း ၂၀၂၃ အောက်တိုဘာလကနေ ၂၀၂၄ ဧပြီလအထိ အမေရိကန်ဟာ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံထက်မနည်းတဲ့ စစ်ရေးအကူအညီတွေကို အစ္စရေးအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့တခုအရ သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာတော့ အီရန်က ဒရုန်းတွေ အပါအဝင် ဒုံးကျည်အစင်း ၂၀၀ လောက်နဲ့ အစ္စရေးနယ်ထဲကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ မဟာမိတ်တွေဖြစ်ကြတဲ့ အီရန်စစ်တပ်၊ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို သုတ်သင်ခဲ့တဲ့အတွက် အစ္စရေးကို လက်တုံ့ပြန်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးစစ်တပ်က အီရန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ နေရာ ၂၀ လောက် ထိမှန်ခဲ့တဲ့အပြင် စစ်သား ၄ ယောက်ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တရက်မှာပဲ အီရန်ဟာ “ရနိုင်သမျှ လက်နက်အားလုံး” နဲ့ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

ဂါဇာဒေသနဲ့ လက်ဘနွန်နိုင်ငံတို့မှာ ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ အစ္စရေးအပေါ် နောက်ထပ်ရန်လိုမှုတွေ ရှိလာမယ်ဆိုရင် “ဆိုးရွားပြင်းထန်တဲ့အကျိုးဆက်” ဖြစ်လာနိုင်တယ် ဆိုပြီး အမေရိကန်က အီရန်ကို သတိပေးထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013